ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ကြေညာချက်အမှတ် (၆/၂ဝ၂ဝ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ကြေညာချက်အမှတ် (၆/၂ဝ၂ဝ)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊  ဒီဇင်ဘာလ    ၃ဝ   ရက်)

၁။      Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် Coronavirus Disease 2019 (COVID-19)  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်နှင့်အညီ နိုင်ငံတော်မှ ဖြေလျှော့ပေးထားသည့် အခွန်အခများ ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီ လကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

၂။      CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းများ၏ ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်နှင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် စပ်လျဉ်း၍-

  (က)၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွင်း ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် ဒုတိယ သုံးလပတ်အတွက် လည်းကောင်း၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ (၃ဝ) ရက်နေ့တွင်ကုန်ဆုံးမည့် တတိယသုံး လပတ်အတွက် လည်းကောင်း၊   ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ (၃ဝ) ရက်နေ့တွင်  ကုန်ဆုံးမည့် စတုတ္ထသုံးလပတ် အတွက် လည်းကောင်း၊ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွင်း ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင်ကုန်ဆုံးမည့် ပထမသုံးလပတ်အတွက် လည်းကောင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို  ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။

  (ခ) ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေး နှစ်အတွင်း မတ်လ (၃၁) ရက်နေ့တွင်    ကုန်ဆုံးမည့် လအတွက်မှစတင်၍ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဒီဇင်ဘာလ (၃၁) ရက်နေ့တွင်  ကုန်ဆုံးမည့် လအတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ် လုပ်ငန်းခွန်များကို ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။

၃။   ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂% ကို ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန