ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

 
နေပြည်တော်၊ ဇူလိုင် - ၂၂

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်တော် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ် တို့ကို ဆက်ကပ်လှူဒါန်း သည်။
အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူးပြုသည့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၁၈ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နေရာယူကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အနုပညာဦးစီးဌာနမှ ဗုဒ္ဓ ရောင်ခြည်တော်ဘွဲ့ “ထူးမခြားနား” သီချင်းခံသုံးပိုဒ်ကို ဖွင့်လှစ်ပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ပေါက်မြိုင်ဆရာတော် ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပေါက်မြိုင်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က မဟာသီဟနာဒ ဆရာ တော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ပေါက်မြိုင် ဆရာတော်ကြီးက အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။