ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် လူသတ်မှုအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် လူသတ်မှုအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

 
နေပြည်တော်၊ ဒီဇင်ဘာ - ၃

 
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဇေယျာနောင်(ခ) နောင်နှင့် မနန္ဒာအောင်(ဘ)ဦးသန်းစိုးတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ဆူပူ ဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည)အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့ ၂ ဦးအား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာ ၁၃ ရက်တွင် ဟိန်းထက်အောင်(ခ) ဈာန်ရဲ(ဘ) ဦးရဲမြင့်၊ အာကာသိန်း(ခ)အာကာ(ဘ)ဦးမြင့်သိန်းတို့(၂)ဦးသည် ရန်ကုန်တိုင်းဒေသ ကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၉)ရပ်ကွက်နေ ဆယ်အိမ်မှူး တစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂(၁)(ခ)/ ၃၄ အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့ ၂ ဦးအား “သေဒဏ် ” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
ထို့အတူ စက်တင်ဘာ ၃၀ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၃)ရပ်ကွက်နေ မျိုးမင်း(ခ)မျိုးမြင့်သည် တစ်ရက်ကွက်ထဲနေသူနှင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ စစ်ကိုင်းလမ်းနေ ထက်လှိုင်ဦး(ခ)ငထက်(ဘ)ဦးဝင်နိုင် အပါ အဝင် ၃ ဦးတို့သည့် အောက်တိုဘာ ၁၂ ရက်တွင် တစ်ရက်ကွက်ထဲနေသူနှင့် စကား များ ရန်ဖြစ်ကြရာမှ လူသတ်မှုကို လည်းကောင်း၊ နေဝင်း(ဘ)ဦးဖြိုးသည် စက်တင်ဘာ ၂၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ ရိုက်နှက်ရာမှ လူသတ်မှုကိုလည်းကောင်း ကျူးလွန်ခဲ့ကြသည့်အတွက် စစ်အုပ်ချုပ် ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃၀၂(၂)အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့ ၅ ဦးအား “ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ် ” ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။