ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်)

(၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်)

၁။         တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်။

၂။         ထို့ပြင် နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက်ဆွေးနွေး နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းထား ရှိ ပြီးဖြစ်ပါသည်။

၃။         အဆိုပါ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း (NCA)လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ (NCA) လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည် များအား ဆက်လက်ဆွေးနွေး သွားနိုင်ရေးနှင့် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ မြန်မာ့ရိုးရာမဟာ အတာသင်္ကြန်ပွဲတော်အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID- 19 ရောဂါစည်းကမ်း ချက်များ နှင့်အညီ ကျင်းပသွားနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေး နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ ရပ်ဆိုင်းပေးသွားမည်ဖြစ် သည်။

၄။         သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒ ဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန်လျှောက် လှမ်းနိုင်ရေးတို့အတွက် တပ်မတော်မှ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများတိုးမြှင့်ရပ်စဲပေးထားသည့်ကာလများကို ယခင်ကထက် ပိုမို ထိရောက်အကျိုးရှိစွာအသုံးပြု၍ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ထုတ်ပြန် အပ်ပါသည်။

                                                                                   

                                                                                      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

           

                                                                                   

                                                                                     

 ==============