ပြည်နှင်ဒဏ်ပေးခံရစဉ် နပိုလီယံဝတ်ခဲ့သော ရှပ်အင်္ကျီနှင့်စာတစ်စောင်ကို ဘယ်ဂျီယံပြတိုက်၌ခင်းကျင်းပြသ

ဘရပ်ဆဲ၊ ရှေးဟောင်းပစ္စည်း

တောင်အတ္တလန္တိတ်ဒေသရှိ စိန့်ဟယ်လင်နာကျွန်းသို့ ပြည်နှင်ဒဏ်ပေးခံရစဉ် နပိုလီယံဝတ်ဆင်ခဲ့သော ရှပ်အင်္ကျီနှင့် အင်္ဂလိပ်လိုရေးသားထားသော ၎င်း၏စာတစ်စောင်ကို ဘယ်ဂျီယံနိုင်ငံရှိပြတိုက်တစ်ခု၌ ခင်းကျင်း ပြသထားကြောင်း သိရသည်။

ဘရပ်ဆဲမြို့အနီး ဝါတာလူးစစ်ပွဲအထိမ်းအမှတ်ပြတိုက်ရှိ အဆိုပါခင်းကျင်းပြသမှုသည် နပိုလီယံသေဆုံးမှုနှစ်  ၂၀၀  ပြည့် အထိမ်းအမှတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုပစ္စည်းများကို ဗြိတိန်နိုင်ငံ၌ ယခုနှစ်နှောင်းပိုင်းတွင်   လေလံတင်မရောင်းချမီ ထုတ်ဖော်ပြသခြင်း ဖြစ်သည်။

ထို့ပြင် ပြည်နှင်ဒဏ်ပေးခံရသော ပြင်သစ်ဧကရာဇ်ဟောင်း နပိုလီယံ၏ နေ့စဉ်ဘဝတွင်အသုံးပြုသည့် ရှားပါး အဖိုးတန် ဝေလငါးဖြူ၏ သွားဖြင့်ပြုလုပ်ထားသော လမ်းလျှောက်တုတ်နှင့် ဗြိတိန်တပ်စခန်း၌ ၎င်းအသုံးပြုခဲ့ သော ပိုးလည်စည်းကိုလည်း ခင်းကျင်းပြသထားကြောင်းသိရသည်။

ခင်းကျင်းပြသမှုတွင် ပါဝင်သည့်စာသည် နပိုလီယံအနေဖြင့် အင်္ဂလိပ်စာလေ့ကျင့်ရန် ရေးသားမှု တစ်ခုဖြစ် သည်။ ထိုစာတွင် လိပ်စာမပါရှိကြောင်းနှင့် အင်္ဂလိပ်စာတိုးတက်စေရန် လေ့ကျင့်မှုအဖြစ် ၎င်း၏ အတွင်း ရေးမှူးက နပိုလီယံကို နှုတ်တိုက်ချပေးထားသည်ဟုယူဆရကြောင်း သိရသည်။

နပိုလီယံအနေဖြင့် စိန့်ဟယ်လင်နာကျွန်းသို့ မရောက်မီအထိ အင်္ဂလိပ်လိုရေးနိုင်ပြောနိုင်ခြင်းမရှိကြောင်းနှင့် ၎င်း၏အတွင်းရေးမှူးက သင်ပေးခြင်းဖြစ်ကြောင်း ဝါတာလူးပြတိုက်ရှိ ပူးတွဲပြတိုက်မှူး အန်တိုနီချာပိန်က ပြောထားသည်။

လန်ဒန်မြို့ ဘွန်ဟန်းဒေသတွင် ကျင်းပမည့်လေလံပွဲ၌ အောက်တိုဘာ ၂၇ ရက်တွင်ရောင်းချမည့် ပစ္စည်းများ အနက် ထိုစာကို အမြင့်ဆုံးဈေးဖြင့်ခေါ်ယူမည်ဟု မျှော်မှန်းထားကြောင်းသိရသည်။   

 Ref: TST