ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်

နေပြည်တော်  ဒီဇင်ဘာ  ၁၉

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့်  စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား ၁၃ဝ ကို စင်ကာပူ မြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)စင်းလုံးငှားကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ  ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ထို့ပြင် ပြည်ပနိုင်ငံများ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးမြို့ရှိ မြန်မာသံရုံးနှင့် JSM Inter-national ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။   အဆိုပါ  ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယား သမ္မတနိုင်ငံမှ ၁၁၄ ဦး၊ ဂျပန်မှ ကိုးဦး၊ ဘရာဇီးမှ ၁၂ ဦး၊ တရုတ်မှ နှစ်ဦး၊ မြန်မာ သင်္ဘောသား ၁၃၇ ဦး လိုက်ပါခဲ့ကြသည်။

¤င်းတို့  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင်    လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက်နေထိုင်စေရေး တို့ကို အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက်  တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။