ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် စနစ်တကျလက်ခံလျက်ရှိ

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် စနစ်တကျလက်ခံလျက်ရှိ

နေပြည်တော် ဩဂုတ် ၃
    

ပြည်ပမှ ဝင်ရောက်လာသည့် မိမိတို့နိုင်ငံသားများကို စနစ်တကျလက်ခံ နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ၎င်းတို့နေရပ်အသီးသီးသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိနိုင်ရေး ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သည်။
    

ထိုကဲ့သို့ လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ဩဂုတ် ၁ ရက်နှင့် ၂ ရက်တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ ကျား ၃၅၂ ဦး၊ မ ၄၂၆ ဦး၊ စုစုပေါင်း ၇၇၈ ဦးတို့ကို လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့ရှိ နယ်စပ်ဂိတ်မှ ကျား ၁၂၈ ဦး၊ မ ၇၈ ဦး၊ စုစုပေါင်း ၂၀၆ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။ ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ က ကိုဗစ် - ၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအား ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးသည်။
  

 ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့ နေရပ်အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများ တွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။