ဖားကန့် လုံးခင်းစသည့် မှော်ဒေသများ၌ ရေမဆေးကျောက် ရှာသူ ကျောက်တူးသူနှင့် ကျောက်ရောင်းဝယ်သူများ စည်ကားလျက်ရှိ

ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ စသည့်မှော်ဒေသများ၌ ရေမဆေးကျောက်ရှာသူများ၊ ကျောက်တူးသူများ၊ ကျောက်ရောင်းဝယ် သူများနှင့် မြေစာပုံဈေးတန်းမှ ဈေးသည်များမှာ စိတ်ချမ်းမြေ့စွာ ရောင်း၊ ဝယ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့က သူငယ်ချင်းလေး၊ ငါးယောက်စုပြီး တူးနေကြတာပါ။ မြေစာပုံတွေက အထပ်ထပ်ရှာပြီးသားဆိုတော့ မရနိုင်တော့ဘူး။ ခုတူးနေတဲ့နေရာက ကုမ္ပဏီ လုပ်ကွက်ဟောင်း မြေနေရာတွေလေ။ မြေမှန်တွေမှာ တူးရတာဆိုတော့ သိန်းကျောက်၊ ဆယ်ကျောက်တွေ ခဏခဏရတယ်။ တချို့ကျင်းတွေမှာ သိန်းရာကျော် ကျောက်တွေရကြတာတွေလည်း ရှိတယ်။ မှော်ထဲမှာက တခြားအလုပ်လည်း မရှိတော့ ကျောက်ပဲတူးနေရတာပေါ့။ တခြားမှော်တွေမှာလည်း ကုမ္ပဏီလုပ်ကွက်ဟောင်း မြေပြန့်တွေမှာကမ်းပါးယံ အမြင့်ကြီးတွေမှာ စွန့်စွန့်စားစား တူးနေကြတာလည်း ရှိတယ်။ ခုကမှော်ထဲမှာ အေးအေးချမ်းချမ်းပါပဲ''ဟု မှော်စီစာမှော်မှ ကျောက်တူးနေသူ တစ်ဦးကပြောသည်။

''ကျွန်တော်တို့က ပွဲစားဆိုတော့ နေ့တိုင်း လုံးခင်းညကျောက်ဝိုင်းကို ရောက်တယ်။

ကျောက်က သူ့ဈေးကွက်နဲ့သူရှိပါတယ်။ လေး၊  ငါးသောင်း၊  တစ်သိန်း၊  နှစ်သိန်း နေ့တိုင်း ရောင်းရပါတယ်။ အဓိကက အရည်ကျောက် ပိုရောင်းသွက်တယ်။ ခုဆိုဝိုင်းမှာလူတွေကမြင်တဲ့ အတိုင်း ပြည့်နေတာပဲ''ဟု ကျောက်ပွဲစား ကိုသိန်းဇော်ကပြောသည်။

ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ စသည့်မှော်ဒေသများတွင် နေ့ရောညပါ  ကျောက်တူး၊ကျောက်ရှာ၊ ကျောက်ဝယ်သူများဖြင့် ပြည့်နှက်လျက်ရှိပြီး နယ်မြေဒေသ အေးအေးချမ်းချမ်း ရှိကြောင်း သိရသည်။