ဖိလစ်ပိုင်က ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့ အခွန်ကို ဆက်လက်လျှော့ချ

ဖိလစ်ပိုင်အစိုးရက နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်ပကနေ တင်သွင်းလာတဲ့ ကုန်စည်များအပေါ် အခွန်ကောက်ခံမှုကို ဆက်လက် လျှော့ချသွားမယ်လို့ သိရပါတယ်။

အရင်က ဆန်အတွက်သွင်းကုန်အခွန်ကို ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြား ကောက်ခံခဲ့ရာမှ အခုဆိုရင် ၃၅   ရာခိုင်နှုန်းအထိ  လျှော့ချကောက်ခံနေတာပါ။

လက်ရှိမှာတော့ ဒီနှစ်ကုန်အထိ အဲဒီနှုန်းထားအတိုင်းပဲ ဆက်လက်ကောက်ခံသွားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ပြောင်းဖူးနဲ့ ဝက်သားတင်သွင်းမှုအတွက် ကောက်ခံတဲ့ အခွန်ကိုလည်း ကောက်ခံမှု မပြုတော့ပါဘူး။

အလားတူ စွမ်းအင်အတွက် အဓိကနေရာမှာ ရှိနေတဲ့ ကျောက်မီးသွေးတင်သွင်းမှုကိုတော့ အခွန် ၇ ရာခိုင်နှုန်း ကောက်ခံရာကနေ အခုဆိုရင် အဲဒီအခွန်ကောက်ခံမှုကို ယာယီရပ်ဆိုင်းပေးထားပါတယ်။

ဖိလစ်ပိုင်အစိုးရက  ဒီလိုမျိုးအခွန်ကောက်ခံမှု နှုန်းထားများ ပြင်ဆင်ခြင်းကို ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပေမယ့် သမ္မတရိုဒရီဂိုဒူတာတေက ပြီးခဲ့တဲ့လမှာ သက်တမ်းတိုးကာ ဇွန် ၇ ရက်မှာမှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ မေလအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုပမာဏဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးကိုရောက်ရှိလာသလို ဒီနှစ်အတွင်း ၂ ရာခိုင်နှုန်းကနေ  ၄  ရာခိုင်နှုန်းအထိသာ တက်မယ်ဆိုတဲ့ မျှော်မှန်းချက်ထက်ကျော်လွန်နေတာကို တွေ့ရပြီးနောက် အစိုးရက အခုလိုမျိုးထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဆန်တင်သွင်းမှုအများဆုံးက တရုတ်နိုင်ငံပါ။  ဒီနေရာဒုတိယလိုက်နိုင်တဲ့သူက  ဖိလစ်ပိုင်နိုင်ငံ ဖြစ်နေပါတယ်။ အကြောင်းရင်းကတော့ ၂၀၂၂-၂၀၂၃   ခုနှစ်အတွက်  ပြည်တွင်းဆန်ဖူလုံမှုရှိစေဖို့ ဆန်တန်ချိန် ၂ ဒသမ ၈ သန်း တင်သွင်းနိုင်ရေးမျှော်မှန်းလုပ်ဆောင်နေတာကြောင့်ပါပဲ။

ဖိလစ်ပိုင်နိုင်ငံဟာ သူတို့အတွက်လိုအပ်တဲ့ ဆန်အများစုကို ဗီယက်နမ်နိုင်ငံကနေ တင်သွင်းနေရသလို ထိုင်းနိုင်ငံကနေလည်း အနည်းအကျဉ်းတင်သွင်းနေတာ တွေ့ရပါတယ်။

ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့အနေနဲ့ သူတို့ရဲ့ ပို့ကုန်တွေကို ဈေးမြှင့်မယ်လို့စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဖိလစ်ပိုင်အစိုးရက အခုလိုမျိုးအခွန်လျှော့ချ သတ်မှတ်မှုနှုန်းထားကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။                                 

 Ref: CNA