ဖိလစ်ပိုင်က အသက် ၁၂ နှစ်အထက် ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမည်

ဖိလစ်ပိုင်က အသက် ၁၂ နှစ်အထက် ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမည်

ဖိလစ်ပိုင်နိုင်ငံ၌ ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကြောင့် မြင့်တက်လာသော ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နေစဉ် အစိုးရ အနေဖြင့် အသက် ၁၂ နှစ်အထက် ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း သမ္မတရုံးက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံအတွင်း ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နေသည်မှာ  ခုနစ်လနီးပါးရှိလာစဉ် အရွယ်ရောက်သူ လေးပုံတစ်ပုံ ကိုသာ ကာကွယ်ဆေး အကြိမ်ရေ အပြည့် ထိုးထားရသေးသည့်အတွက်  ဖိလစ်ပိုင် အစိုးရအနေဖြင့် ဝေဖန်ခံနေရစဉ် အသက် ၁၂ နှစ် အထက်ကလေးများကို ကာကွယ်ဆေး ထိုးပေးမည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကလေးများကို ကာကွယ်ဆေးထိုးပေးခြင်းသည် နိုင်ငံအတွင်းရှိ စာသင်ကျောင်းများကို ပြန်ဖွင့်နိုင်ရေးအတွက်  အဓိကကျသော လုပ်ငန်းအဖြစ် အစိုးရက ရှုမြင်ထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်မှစ၍  ယနေ့ထိတိုင် စာသင်ကျောင်းများကို ပိတ်ထားဆဲဖြစ်သည့် ကမ္ဘာ့နိုင်ငံ အနည်းငယ်တွင်  တစ်နိုင်ငံအဖြစ်ပါဝင်နေသည်။

ထို့ကြောင့် နိုင်ငံအတွင်းရှိ  စာသင်ကျောင်းပေါင်း ၁၂ဝ ကို ရှေ့ပြေးစီမံကိန်း အဖြစ် ဖွင့်လှစ်သွားမည့် အစီအစဉ်တစ်ခုကို အစိုးရက မကြာသေးမီက ကြေညာထားသည်။

ဖိလစ်ပိုင် အစားအစာနှင့်  ဆေးဝါး တာဝန်ရှိသူများက အသက် ၁၂ နှစ်အထက် ကလေးများကို ဖိုင်ဇာနှင့် အက်စထရာဇီနီကာ ကုမ္ပဏီတို့က ထုတ်လုပ်သည့် ကာကွယ်ဆေးများ ထိုးပေးနိုင်ကြောင်း မကြာသေးမီက အတည်ပြုထားသည်။

ထို့ကြောင့် အသက် ၁၂ နှစ်အထက် ကလေးများကို လာမည့်လမှစ၍ ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့က ပြောသည်ဟု သိရသည်။         

Ref: TST