ဖိလစ်ပိုင်၌ ကမ္ဘာ့ကပ်ရောဂါကြောင့်အလုပ်ပြုတ်သူများအနက် လေးပုံတစ်ပုံမှာ အလုပ်လက်မဲ့ဖြစ်နေဆဲဖြစ်

မနီလာ၊ ပြည်တွင်းရေး

ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် ပြီးခဲ့သည့်နှစ်မတ်လကတည်းက အသွား အလာ တားမြစ်ကန့်သတ်မှုများချမှတ်မှုကြောင့် အလုပ်ပြုတ်သွားရသည့် အလုပ်သမားများအနက် လေးပုံတစ်ပုံမှာ ယခုအချိန်အထိ အလုပ်လက်မဲ့ဖြစ်နေဆဲဖြစ်ကြောင်း စာရင်းအင်းရုံးက မတ် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများစွာကို ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည့်အတွက် အလုပ်ပြုတ်သူ ၉ ဒသမ ၁ သန်းအနက် ၇၅ ရာခိုင်နှုန်းသာ အလုပ်အကိုင်ပြန်လည်ရရှိသော်လည်း ၁ ဒသမ ၂ သန်းခန့်မှာ အလုပ် လက်မဲ့ဖြစ်နေဆဲဖြစ်ကြောင်း စာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ထပ်အလုပ်သမား ၁ သန်းမှာ ပြီးခဲ့သည့်လမှစ၍ အလုပ်သမားအင်အားတွင်မရှိတော့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံရှိ  အလုပ်လက်မဲ့နှုန်းသည် အာရှတိုက်တွင် အမြင့်ဆုံးအနေအထားဖြစ်နိုင်ကြောင်း Bloomberg သတင်းဌာန၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။

နိုင်ငံ၏  စီးပွားရေးအခြေအနေမှာ တိုးတက်လာပြီဖြစ်ကြောင်း၊ လုပ်ငန်းများ တဖြည်းဖြည်းပြန်လည်ပတ် နေပြီဖြစ်သဖြင့် အလုပ်သမားများ အလုပ်ပြန်လုပ်နိုင်တော့မည်ဖြစ်ကြောင်း ဖိလစ်ပိုင်စီးပွားရေးပညာရှင်များ က ဖေဖော်ဝါရီလတွင်ထုတ်ပြန်သော အလုပ်အကိုင် အခွင့်အလမ်း အစီရင်ခံစာတွင် ပြောထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ စံချိန်အသစ်တင်သဖြင့်   မနီလာမြို့ကို သီတင်းပတ်တစ်ပတ်ကြာ အသွားအလာကန့်သတ်မှုများ ပြန်လည်ချမှတ်ထားရကြောင်း သိရ သည်။

Ref: TST