ဖိုင်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေးက အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား လူငယ်များတွင်  ရာနှုန်းပြည့် ထိရောက်မှုရှိ

ဘာလင်၊ ဆေးဝါး

ဖိုင်ဇာနှင့်ဘိုင်အိုအန်တက် ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အသက် ၁၂ နှစ်မှ ၁၅   နှစ်ကြားရှိ လူငယ်များတွင်  ရာနှုန်းပြည့် ထိရောက်မှုရှိကြောင်း အဆိုပါ ကုမ္ပဏီများက မတ်  ၃၁  ရက်တွင် အတည်ပြုကြေညာသည်။

ထိုကုမ္ပဏီများအနေဖြင့် လာမည့် စာသင်နှစ်မတိုင်မီ ၎င်းတို့၏ ကာကွယ်ဆေးကို ဆယ်ကျော်သက် လူငယ်များတွင် ထိုးနှံခွင့်ရရှိရေး အတည်ပြုချက် စောင့်ဆိုင်းနေသည်။

ဗြိတိန်နိုင်ငံ၌တွေ့ရှိရသည့်  ကူးစက်မြန်ပြင်းထန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် ဖြစ်သော B117  နှင့်ပတ်သက်၍ ထိုဗိုင်းရပ်ကို ကာကွယ်နိုင်မည့် အလားအလာကောင်းများကို  ပြီးခဲ့သည့် သီတင်းပတ်များတွင် ဆယ်ကျော်သက်များ အတွက် လုပ်ဆောင်သော သုတေသန၌ တွေ့ရှိခဲ့ကြောင်း ဘိုင်အိုအန်တက်ကုမ္ပဏီ အမှုဆောင်ချုပ်က ပြောသည်။

အဆိုပါ ကုမ္ပဏီများက ပူးတွဲထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် mRNAနည်းပညာကို အသုံးပြုထားသည့် ကမ္ဘာ့ပထမဆုံးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည်။

အမေရိကန်နှင့်    ဥရောပသမဂ္ဂတို့၌ အတည်ပြုချက် ရရှိထားပြီး အသက် ၁၆ နှစ်အထက်များကို စတင်ထိုးနှံပေးခြင်းဖြစ် သည်။ ယခုအခါ နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်ရှိ အရွယ်ရောက်ပြီးသူ သန်းပေါင်းများစွာကို အဆိုပါ ကာကွယ်ဆေး ထိုးပေးပြီး ဖြစ်သည်။

အစ္စရေးနိုင်ငံရှိ လူပေါင်း ၁ ဒသမ ၂ သန်းကို လက်တွေ့လေ့လာမှုများ အရ ထိုကာကွယ်ဆေးက ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်း ရှိကြောင်းတွေ့ရသည်။

တစ်ကမ္ဘာလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိနိုင်မှုအခက်အခဲဖြစ်ပေါ်နေစဉ်  ယခုနှစ်အတွင်း  ကာကွယ်ဆေး အလုံးပေါင်း ၂ ဒသမ ၅ ဘီလီယံအထိ ထုတ်လုပ်သွားမည်ဟု ဘိုင်အိုအန်တက် ကုမ္ပဏီက မတ် ၃ဝ ရက်တွင် တရားဝင် ထုတ်ပြန်ထားကြောင်းသိရသည်။