ဖိုင်ဇာထုတ်ကာကွယ်ဆေးက ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်မကူးစက်အောင်  ကာကွယ်ပေးနိုင်ဖွယ်ရှိ ဟုဆို

ဖရန့်ဖာ့၊ ကျန်းမာရေး

ဖိုင်ဇာနှင့်ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးသည် ဗြိတိန်နိုင်ငံ၌ စတင်တွေ့ရှိရသော ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်   မကူးစက်အောင် ကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟု ဇန်နဝါရီ ၂၀  ရက်တွင်ထုတ်ပြန်သည့် ဓာတ်ခွဲခန်းတစ်ခု၏စမ်းသပ်မှုရလဒ်တွင်ဖော်ပြထားသည်။ အဆိုပါဗီဇပြောင်းဗိုင်းရပ်သည်  မူလဗိုင်းရပ်ထက် ကူးစက်မှုနှုန်း ၈၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်ကြောင်း   တွေ့ရှိရပြီးနောက် လက်ရှိထွက်ပေါ်နေသည့်ကာကွယ်ဆေးများက ထိုဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင်ခြင်းရှိ၊ မရှိ ပညာရှင်များက စိုးရိမ်ပူပန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့လက်တွေ့စမ်းသပ်မှုများကိုလုပ်ဆောင်ခြင်းဖြစ်သည်။ ဖိုင်ဇာကုမ္ပဏီကလည်း အလားတူစမ်းသပ်မှုမျိုးကိုလုပ်ဆောင်ထားကာ လဒ်ကိုပြီးခဲ့သည့်သီတင်းပတ်တွင်ထုတ်ပြန်ထားသည်။ ထိုကာကွယ်ဆေးသည်   ဗိုင်းရပ်၏အဓိကကျသောဗီဇဖြစ်သည့် N3501Yကို တုံ့ပြန်ကာကွယ်နိုင်ကြောင်း နှင့် ထိုဗီဇကို ဗြိတိန်နှင့်    တောင်အာဖရိကနိုင်ငံတို့ရှိ ဗီဇပြောင်းဗိုင်းရပ်များတွင်တွေ့ရကြောင်း ဖိုင်ဇာ ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလုပ်သည့်သုတေသနတွင် ဖိုင်ဇာကုမ္ပဏီထုတ်ကာကွယ်ဆေးထိုးထားသူ ၁၆ ဦးပါဝင်ပြီး  ၎င်းတို့ကို  ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်ကဲ့သို့ သဏ္ဌာန်တူဗိုင်းရပ်နှင့်ထိတွေ့စေခြင်းဖြစ်သည်။ ထိုသို့ထိတွေ့ လိုက်သည့်အခါ ကာကွယ်ဆေးထိုးသူများ၏ သွေးအတွင်းရှိပဋိပစ္စည်းက အဆိုပါဗိုင်းရပ်ကို   ထိရောက် စွာ တားဆီးနိုင်သည်ကိုတွေ့ရခြင်းဖြစ်ကြောင်း သုတေသီများက bioRxiv.org  ဝက်ဆိုက်တွင် ရေးသား ထားသည်။