ဖိုင်ဇာနှင့် အက်စထရာဇီနီကာထုတ် ကာကွယ်ဆေးများက အိန္ဒိယမှ ဗီဇပြောင်း ကိုဗစ်-၁၉  ရောဂါပိုးကို ကာကွယ်နိုင်

ဖိုင်ဇာ၊ ဘိုင်အိုအန်တက်နှင့် အက်စထရာဇီနီကာ ကုမ္ပဏီတို့က ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နှစ်ကြိမ်စလုံးထိုးပြီးပါက အိန္ဒိယမှ ဗီဇပြောင်းကိုဗစ်-၁၉   ရောဂါပိုးကို  ထိရောက်စွာ ကာကွယ်နိုင်ကြောင်း    အင်္ဂလန်ပြည်သူ့ ကျန်းမာရေးဌာန၏   လေ့လာတွေ့ရှိချက် တစ်ခုတွင် ဖော်ပြထားသည်။

ဖိုင်ဇာနှင့်ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကာကွယ်ဆေးကို    ဒုတိယအကြိမ် ထိုးပြီးနောက်   သီတင်းပတ် နှစ်ပတ်အကြာတွင် B1617 အမည်ရှိ  ဗီဇပြောင်းရောဂါပိုးကူးစက်မှုကို ၈၈ ရာခိုင်နှုန်းနှင့် အက်စထရာဇီနီကာ ကုမ္ပဏီထုတ်    ကာကွယ်ဆေးက ၆ဝ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်ကို  တွေ့ရသည်။ အဆိုပါကာကွယ်ဆေး နှစ်မျိုးစလုံးသည် ပထမအကြိမ်ထိုးပြီးနောက် သီတင်းပတ်သုံးပတ်အတွင်း ဗီဇပြောင်းရောဂါပိုးကို ကာကွယ်ရာတွင် ထိရောက်မှု ၃၃ ရာခိုင်နှုန်းရှိသည်။

ကာကွယ်ဆေးနှစ်မျိုးစလုံးကို နှစ်ကြိမ်စလုံးထိုးပြီးနောက် ဗြိတိန်မှ ဗီဇပြောင်း ရောဂါပိုးကို  ၉၃ ရာခိုင်နှုန်းနှင့် ၆၆ ရာခိုင်နှုန်းစီ     အသီးသီး ကာကွယ်နိုင်ကြောင်း အင်္ဂလန်    ပြည်သူ့ကျန်းမာရေးဌာနကမှတ်ချက်ပြုထားသည်။

ထိုဌာနသည် အဆိုပါလေ့လာမှုကို ဧပြီ ၅ ရက်မှ မေ ၁၆ ရက်အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လေ့လာမှုတွင် အိန္ဒိယမှ ဗီဇပြောင်း ရောဂါပိုးကူးစက်ခံရသူ  ၁ဝ၅၄  ဦး  ပါဝင်သည်။

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄ ဒသမ ၄ သန်းကျော်နှင့် သေဆုံးသူ ၁၂၈ဝဝဝ နီးပါးရှိစဉ် ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူ ၃၇ ဒသမ ၇ သန်းကျော်နှင့် ဒုတိယအကြိမ် ထိုးပြီးသူ ၂၂ သန်းကျော် ရှိကြောင်း သိရသည်။