ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက် နေသည့် ကျော်ဇင်ထွန်း(ခ)သေတ္တာအပါအဝင် ဆက်စပ်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ

ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက် နေသည့် ကျော်ဇင်ထွန်း(ခ)သေတ္တာအပါအဝင် ဆက်စပ်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ်- ၂

              အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလများ၌ပင် ပြည်သူ လူထုအပေါ် စာနာထောက်ထားမှုမရှိဘဲဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများဖြင့် တရားမဝင်အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်ကာ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက်ရှိှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

              ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၆ ရက်တွင် KNLA တပ်မဟာ(၅) နယ်မြေ အတွင်း ဖောက်ခွဲဖျက်ဆီးရေးသင်တန်းဖွင့်လှစ်ခဲ့သည့် ခင်ကျော်(UNRA)၏ ဆက်စပ် တရားခံဖြစ်သော ကျော်ဇင်ထွန်း(ခ)သေတ္တာ၊ ဝိုင်းတူးခန့်နှင့် ပြည့်ပြည့်ချို တို့ ၃ ဉီးအား ယာဉ်မောင်း စောသိုက် မောင်းနှင်သော ပရိုဘောက်ယာဉ်နှင့်အတူ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌လည်းကောင်း၊ အဆိုပါဖောက်ခွဲရေး သင်တန်းဆင်းလာသူ များအား သွားရောက်ခေါ်ဆောင်ပေးရန်စေခိုင်းသူ စောလွိုက် အား မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

              တရားခံများ၏ထွက်ဆိုချက်အရ ဖြိုးဝေလှိုင်နှင့် ထက်အောင်ရင်တို့အား မရမ်းကုန်း မြို့နယ်တွင်လည်းကောင်း၊ အောင်ကျော်ဦးအား လှိုင်သာယာမြို့နယ်တွင်လည်းကောင်း၊ ဖမ်းဆီးရမိခဲ့သည်။ ရဲလင်းထွန်းနှင့်သက်လွင်ဦးတို့အား ဇူလိုင် ၁၇ ရက်တွင် လမ်းမတော် မြို့နယ်၌လည်းကောင်း၊ ထို့ပြင်ဖောက်ခွဲရေးသင်တန်းတက်ခဲ့သူ မင်းမင်းအားဇူလိုင်လ ၁၈ ရက်တွင် လှိုင်သာယာမြို့နယ်၌လည်းကောင်း၊ စည်သူအောင်အား အင်းစိန်မြို့နယ်၌ လည်းကောင်း၊ စည်သူအောင်၏ထွက်ဆိုချက်အရ ခွန်ဆက်နိုင်၊ ပြည့်စုံအောင်၊ ရဲရင့်အောင်နှင့် အောင်ကိုသန်း တို့ ၄ ဦးအား ဇူလိုင်လ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၌လည်းကောင်း၊ ကြည်နောင်၊ အောင်စိုးမင်းနှင့် အေးအေးမွန်(ခ)အိအိဆွေတို့ ၃ ဦးအား ဇူလိုင်လ ၂၀ ရက် တွင် ကမာရွတ်မြို့နယ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ကြည်နောင်၏ထွက်ဆိုချက် အရ ကမာရွတ်မြို့နယ်ရှိ ၎င်းနေထိုင်ရာအခန်းအတွင်းမှ ဖောက်ခွဲရေးပစ္စည်းပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်း၊ ကန့်နှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ စည်သူ၊ သာထူးကျော်၊ ကျော်ဆန်းဦး နှင့် အောင်ထက်တို့ ၄ ဉီးအား လက်လုပ်ဗုံး ၁ လုံး၊ စကားပြောစက် ၁ လုံး တို့နှင့်အတူ ဇူလိုင်လ ၂၁ ရက်တွင် အင်းစိန်မြို့နယ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိ ခဲ့သည်။

              ဖမ်းဆီးရမိတရားခံ ဖြိုးဝေလှိုင်၊ ထက်အောင်ရင်နှင့် ရဲလင်းထွန်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား အကြောက်တရားဖြင့် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဇူလိုင်လ ၁၁ ရက်တွင် ၎င်းတို့ ၃ ဦးသည် အင်းစိန်မြို့၊ ရွှေဝါ(၁)လမ်းနေ အပြစ်မဲ့ ပြည်သူတစ်ဦး၏ အိမ်ရှေ့၌ရီမုမိုင်း ၁ လုံးဖြင့်လည်းကောင်း၊ ဇူလိုင်လ ၁၃ ရက်တွင်   ဖြိုးဝေလှိုင် နှင့် ရဲလင်းထွန်း တို့သည် အင်းစိန်မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် လည်းကောင်း၊ ဇူလိုင်လ ၁၉ ရက်တွင် ထက်အောင်ရင်သည် အင်းစိန်မြိို့နယ်၊ နံ့သာကုန်း ရပ်ကွက်ရှိ One Stop Mart ဆိုင်အား လက်လုပ်ချိန်ကိုက်မိုင်းဖြင့်လည်းကောင်း ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

              ထိုသို့အဖျက်လုပ်ရပ်များအား ကျူးလွန်နိုင်စေရန်အတွက် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းနေသူမှာ ဆိုင်းမွန်ဆိုသူဖြစ်ကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၇ ရက်တွင် ဆိုင်းမွန်နှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့သည့် ဝေဖြိုးမောင်တို့အား လှိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။ ဆိုင်းမွွန်၏ ထွက်ဆိုချက်များအရ ရန်ကုန်မြို့တွင်း လူစည်ကားသောနေရာများ ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ တိုက်ခန်းတွင်သိုဝှက်ထားကြောင်းသိရှိရသဖြင့် လုံခြုံရေးအဖွဲ့များက အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် အဆိုပါနေရာအား သွားရောက်ရှင်းလင်းခဲ့ရာ ရှေ့ထွက်မိုင်း ၄၄ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၃၃ လုံး၊ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

              တရားခံ ဆိုင်းမွန်၏ထွက်ဆိုချက်အရ သူရိန်မောင်မောင်ဦးအား ဖောက်ခွဲရေး ပစ္စည်းများဖြစ်သော ယမ်းပျော့၊ ဒီတိုနေတာ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဇူလိုင်လ ၂၅ ရက်တွင် မရမ်းကုန်းမြို့နယ်၌လည်းကောင်း၊ သူရိန်မောင်မောင်ဦး၏ ထွက်ဆိုချက် အရ တင့်လွင်နှင့် ဖြိုးဝေထွန်းတို့ ၂ ဦးအား ဇူလိုင်လ ၂၈ ရက်တွင် မရမ်းကုန်းမြို့နယ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

              အထက်ပါဖြစ်စဉ်များတွင် ကျော်ဇင်ထွန်း(ခ)သေတ္တာအပါအဝင် အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ပတ်သက်သူ စုစုပေါင်း တရားခံ ၂၈ ဉီးအား ရှေ့ထွက်မိုင်း ၄၄ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၃၃ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ဒီတိုနေတာ ၅၉ ခု၊ စကားပြောစက် ၁ လုံး အပါအဝင် လက်လုပ်မိုင်း/ဗုံးပြုလုပ်ရာတွင်အသုံးပြုသည့် သံပိုက်၊ ယမ်း၊ ကန့်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်။

              ဖမ်းဆီးရမိတရားခံ ကျော်ဇင်ထွန်း(ခ)သေတ္တာ၏ ထွက်ဆိုချက်အရ သင်တန်း နေရာမှ ပြန်လည်ထွက်ခွာရန် ဂျပန်နိုင်ငံတွင်နေထိုင်သူ ထွန်းအောင်ကျော်(UNRA ဉက္ကဋ္ဌ)၏ အကူအညီဖြင့်ပြန်လာခဲ့ခြင်းဖြစ်ပြီး အခွင့်သာပါက ၎င်းအနေဖြင့် မန္တလေးမြို့ရှိ ဌာနဆိုင်ရာ ရုံးများနှင့် ရဲစခန်းများအား ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်ငွေကြေးများအားထောက်ပံ့ပေးမည်ဖြစ်ပြီး ပြည့်ပြည့်ချိုနှင့် ဝိုင်းတူးခန့်တို့မှလည်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်ရန် စီစဉ်ထားကြောင်း၊ ဖြိုးဝေလှိုင်၊ ထက်အောင်ရင်၊ ရဲလင်းထွန်းနှင့် မင်းမင်း တို့သည် အင်းစိန်မြို့နယ်အတွင်းရှိ ဂျပန်လမ်းမှ ဦးပိုင်ကားဝန်း၊ စီးပွား/ကူးသန်းရုံးနှင့် One Stop Mart စတိုးဆိုင်များအား ဗုံးထောင် ဖောက်ခွဲခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံသတ်ဖြတ်ခြင်းများပြုလုပ်သွားရန်စီစဉ်ထားကြောင်း၊ ၎င်းတို့အနေဖြင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ပြီးနောက် ရန်ကုန်မြို့တွင်းသို့ သာမန်အရပ်သားများအသွင်ဖြင့် ပုန်းလျှိုးနေထိုင်ကာ လူသစ်စုဆောင်းခြင်း၊ အဖျက်အမှောင့် လုပ်ရပ်များ ကျူးလွန်နိုင်ရန်အတွက် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ပြုလုပ်စုဆောင်း ခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဖွဲ့များစုစည်းမိပါက မြို့တွင်း၌ အကြမ်းဖက် လုပ်ရပ်များကျူးလွန်ရန် စီစဉ်ထားရှိကြောင်း၊ ဆိုင်းမွန် အနေဖြင့် ပြည်ပနိုင်ငံများရှိ အကြမ်းဖက်မှုလိုလားသူများထံမှ ထောက်ပံ့ငွေများအားရယူ၍  ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်သူများသို့ ထောက်ပံ့မှုများပြုလုပ်ခြင်း၊ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးမှုများလုပ်ဆောင်မည့် လက်လုပ်မိုင်း နှင့် လက်လုပ်ဗုံးများအား ချိတ်ဆက်ဝယ်ယူပေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရှိရ သည်။

              ထို့ပြင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ပြီးသူများအား မြို့နယ်အလိုက် Special Task Force(STF)အားဖွဲ့စည်းပြီး ဒလန်သတ်မှတ်ထားသည့် အပြစ်မဲ့ပြည်သူ များအား သတ်ဖြတ်ခြင်း၊ လူစည်ကားရာနေရာများနှင့် အစိုးရရုံးများအား ဖောက်ခွဲဖျက်ဆီး ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့အဖျက်အမှောင့်လုပ်ရပ်များ ကျူးလွန်နိုင်ရန် အတွက် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များထံမှ ငွေကြေးထောက်ပံ့မှုများရယူကာ ၎င်းတို့၏စေခိုင်းမှုအတိုင်း ဖြိုးဇေယျာသော်(ခ)ဇေယျာသော် (NLD ပါတီမှ ၂၀၁၅ ခုနှစ် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)မှ ဦးဆောင်စီစဉ်နေခြင်းဖြစ်ကြောင်း၊ အေးအေးမွန် အနေဖြင့် ဆန္ဒပြလူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေတွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ရန်ကုန်မြို့တွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်စီး စေရန်ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်သူများအား သင်တန်းပေးစေခြင်း၊ ဖောက်ခွဲရေးပစ္စည်းများအား ပြုလုပ်/ဖြန့်ဖြူးခြင်းများပြုလုပ်ခဲ့ကြောင်း၊ သူရိန်မောင်မောင်ဦး အနေဖြင့် မေလ ၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၌ လက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ ဇွန်လ ၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းလမ်းဆုံ City Mart ရှေ့ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်ချိန်ကိုက်မိုင်း ၁ လုံးဖြင့်လည်းကောင်း ဖောက်ခွဲ ခဲ့ကြောင်း အသီးသီး စိစစ်ဖော်ထုတ်သိရှိရသည်။ 

              အစွန်းရောက်လူငယ်များအနေဖြင့် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာ ထားသော CRPH ၊ NUG အဖွဲ့များ၏စေခိုင်းချက်အရ မြို့နယ်အချို့တွင် ပြည်သူလူထုအား ထိခိုက်ပျက်စီးစေရန်၊ မြို့ရွာတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ခြင်း မပြုနိုင်စေရန်ရည်ရွယ်ကာ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အုပ်ချုပ်ရေးမှူးများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း၊ ခင်ကျော်(UNRA)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်ချိတ်ဆက်၍ ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခြင်း၊ လက်နက်/ခဲယမ်းများ စုဆောင်းခြင်း၊ အဖျက်လုပ်ငန်းများလုပ်ဆောင်ရန် လူစုဆောင်းခြင်းများကိုပါ ပြုလုပ်လာသောကြောင့် အကြမ်းဖက်သူများ ခိုအောင်းနေထိုင်လှုပ်ရှားမှု မရှိစေရေးအတွက် လုံခြုံရေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဆက်စပ်တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေး၊ မြို့ရွာအမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် ဖြစ်စဉ်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်မှု များပြုလုပ်၍ ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။