ဗြိတိန်က အသက် ၅ဝ နှင့် အထက်ရှိသူများကို ထပ်တိုး ကာကွယ်ဆေး ထိုးပေးရန် စီစဉ်

ဗြိတိန်က အသက် ၅ဝ နှင့် အထက်ရှိသူများကို ထပ်တိုး ကာကွယ်ဆေး ထိုးပေးရန် စီစဉ်

ဗြိတိန်အစိုးရက အသက်  ၅ဝ  နှင့် အထက်ရှိသူများကို ကိုဗစ်-၁၉ ရောဂါထပ်တိုး ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေကြောင်းနှင့် တာဝန်ရှိသူများကလည်း ထိုသို့ထိုးပေးခြင်းကို စက်တင်ဘာ ၁၄ ရက်တွင် ထောက်ခံ အကြံပြုလိုက်ကြောင်း သိရသည်။

ထိုသို့ထပ်တိုး ကာကွယ်ဆေး ထိုးပေးရာတွင် ဖိုင်ဇာ သို့မဟုတ် မိုဒါနာကုမ္ပဏီထုတ် ကာကွယ်ဆေးများကို အသုံးပြုသွား မည်ဖြစ်ပြီး ထပ်တိုးကာကွယ်ဆေး ထိုးခွင့်ရသူများတွင် ရောဂါဖြစ်လွယ်သူများလည်း ပါဝင်ကြောင်း ကာကွယ်ဆေးနှင့် ကိုယ်ခံအား တိုးမြှင့်ရေး ပူးတွဲကော်မတီက ထုတ်ပြန်ထားသည်။

သို့သော် ထပ်တိုးကာကွယ်ဆေး ထိုးပေးခြင်း အစီအစဉ်ကို  ခြောက်လတစ်ကြိမ် လုပ်ဆောင်သွားမည့် အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိနိုင်သေးကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ယခုကဲ့သို့ ထပ်တိုးကာကွယ်ဆေးများ ထိုးပေးမည့် အစီအစဉ်ကြောင့် လာမည့် ဆောင်းရာသီ မတိုင်မီတွင် ထပ်တိုးကာကွယ်ဆေးများ ထိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမည့် အလားအလာရှိသည်။

တစ်ချိန်တည်းမှာပင်  ကာကွယ်ဆေး ထိုးခြင်းကြောင့် လူ့အသက်ပေါင်း ၁၁၂ဝဝဝ ကို ကယ်တင်နိုင်ခဲ့ကြောင်းနှင့် လူပေါင်း ၂၄ သန်းကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မည့် အခြေအနေမှ ရှောင်လွှားနိုင်စေခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဂျိုနသန်ဗန်တမ်းက  ပြောထားသည်ဟု သိရသည်။                 

Ref: TST