ဗြိတိန်နှင့်ဂျာမနီက ကာကွယ်ဆေးလှူလျှင် ဖိလစ်ပိုင်က သူနာပြုများကိုစေလွှတ်ပေးမည်

မနီလာ၊ ကျန်းမာရေး

ဗြိတိန်နှင့်ဂျာမနီတို့အနေဖြင့် ဖိလစ်ပိုင် နိုင်ငံအတွက်လိုအပ်နေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကိုလှူဒါန်းရန် သဘော တူပါက အပြန်အလှန်အနေဖြင့် ဖိလစ်ပိုင် အစိုးရက သူနာပြုထောင်ပေါင်းများစွာကို ယင်းနိုင်ငံများသို့စေလွှတ်ကာ အလုပ်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း အစိုးရထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၃ ရက်တွင်ပြောသည်။

အာရှတိုက်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံးတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌ အစိုးရက ကျန်းမာရေး ဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့ထွက်ခွာ အလုပ်လုပ်ခွင့်ပြုထားသော်လည်း တစ်နှစ်လျှင်အယောက် ၅၀၀၀ ကိုသာ ခွင့်ပြုပေးမည်ဟု တားမြစ်ထားသည်။ ထို့ကြောင့် လိုအပ်သော ကာကွယ်ဆေးများကို ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့မှရရှိပါက ထိုတားမြစ်ချက်ကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အလုပ်သမားဝန်ကြီးဌာန ရှိ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူး အဲလစ်ဗစ်စပီးရက်က ပြောသည်။

ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်နေသော ဖိလစ်ပိုင်နိုင်ငံသား သန်းပေါင်းများစွာအနက် အများစုမှာ သူနာပြုများဖြစ်ပြီး ၎င်းတို့က နိုင်ငံသို့ပြန်ပို့သည့်ငွေမှာ  အမေရိကန် ဒေါ်လာဘီလီယံ  ၃၀  အထိရှိကာ နိုင်ငံ့ စီးပွားရေးအတွက် အရေးကြီးသောအပိုင်းမှပါဝင်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသည် ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအများဆုံး ခြောက်နိုင်ငံမြောက်ဖြစ်ပြီး စီးပွားရေး အထိခိုက်ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ဂျာမနီသည် ကမ္ဘာ့ကပ်ရောဂါကူးစက်မှုအများဆုံး ၁၀ နိုင်ငံမြောက်ဖြစ်သည်။

အဆိုပါနှစ်နိုင်ငံစလုံး၌ လူဦးရေ ၂၃ သန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံ၌မူ ယခုအချိန်ထိ ကာကွယ်ဆေးထိုးအစီအစဉ်ကို မစတင်ရသေးပေ။

ဖိလစ်ပိုင်အစိုးရသည် နိုင်ငံအတွင်းရှိလူဦးရေ ၁၀၈ သန်းအနက် သုံးပုံနှစ်ပုံဖြစ်သော သန်း ၇၀ ကိုကာကွယ် ဆေးထိုးပေးရန်စီစဉ်ထားသည့်အတွက် ကာကွယ်ဆေးစုစုပေါင်း ၁၄၈ သန်းရရှိရန် လိုအပ်နေကြောင်း သိရသည်။             

Ref: TST