ဘဂ္ဂဒက်မြို့၌ အသေခံဗုံးခွဲတိုက်ခိုက်မှုနှစ်ခုဖြစ်ပွား၊ လူ ၃၀ နီးပါးသေဆုံး

ဘဂ္ဂဒက်၊ ဗုံးခွဲတိုက်ခိုက်မှု

အီရတ်နိုင်ငံ၏မြို့တော် ဘဂ္ဂဒက်မြို့လယ်၌  ဇန်နဝါရီ ၂၁ ရက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှု  နှစ်ခုဖြစ်ပွားရာ လူ ၃၀ နီးပါးသေဆုံးကြောင်း   နိုင်ငံပိုင်သတင်းဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ဘဂ္ဂဒက်မြို့ရှိ အဝတ်အစားအဟောင်းထည်များကိုရောင်းချရာ   ဈေးတစ်ခု၌ အဆိုပါဗုံးခွဲ တိုက်ခိုက်မှု များဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၇၃ ဦးရှိသည်။

နိုင်ငံအတွင်း၌   ကိုဗစ်-၁၉  ရောဂါပြင်းထန်စွာကူးစက်ခြင်းကြောင့် တစ်နှစ်နီးပါးကြာချမှတ်ထားရသည့်   ကန့်သတ်ချက်များကို  ရုပ်သိမ်းပေးလိုက်ခြင်းကြောင့် အဆိုပါဈေး၌ လူများစွာရှိနေကြောင်းနှင့် ထိုဖြစ်စဉ်သည် သုံးနှစ်အတွင်း လူသေဆုံးမှုအများဆုံးဖြစ်စဉ်ဖြစ်ကြောင်း   သိရသည်။ ပထမဆုံး အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ဈေးအတွင်း၌ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် ဗုံးခွဲတိုက်ခိုက်သူသည် စိတ်ပေါ့သွပ်နေသူဖြစ်ကြောင်း   ပြည်ထဲရေးဝန်ကြီးဌာန၏အစီရင်ခံစာတွင်ဖော်ပြထားသည်။

လူအုပ်စုကြီးက အဆိုပါလူအနားကိုစုပြုံရောက်ရှိလာစဉ် ၎င်းက ဗုံးခွဲတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ထိုသို့ဗုံးခွဲတိုက်ခိုက် လိုက်သည့်အတွက်     လူများစွာသည် သေကျေဒဏ်ရာရရှိသူများ အနီးသို့ဝိုင်းအုံ လာစဉ် အခြားလူတစ်ဦးက နောက်ထပ် ဗုံးတစ်လုံးကိုခွဲလိုက်ခြင်းဖြစ်သည်။ အဆိုပါဗုံးခွဲတိုက်ခိုက်မှုများ ကြောင့် ဆရာဝန်များက  အခင်းဖြစ်ရာနေရာသို့ စုပြုံရောက်ရှိလာရပြီး ဆေးဘက်အကူများကလည်း သေကျေဒဏ်ရာရရှိသူများကို ဖယ်ရှားနေရကြောင်း အီရတ်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။