ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၂၂

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက် အထိ (၆) လအတွက် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တို့ကို ဆွေးနွေး အတည်ပြုကြရန် ဖြစ်ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူ ထိန်းသိမ်းခြင်းဖြစ် သော်လည်း နိုင်ငံတော်အစိုးရတစ်ရပ်အနေဖြင့် ပြည်သူတို့၏လူမှုစီးပွားဘဝများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏ မူဝါဒများအဖြစ် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ထားပြီးဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် မိမိတို့၏ မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုကိုလည်း ကောင်းမွန်ထိရောက် အောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု (Public Financial Management) စနစ်ဆိုသည်မှာ နိုင်ငံတော်၏ ရငွေများ၊ အခွန်အကောက် စနစ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်နှင့် အုပ်ချုပ်ရေး ဆိုင်ရာ အသုံးစရိတ်များ၊ ကြွေးမြီစီမံခန့်ခွဲမှုများ စသည်ဖြင့် စုပေါင်းပါဝင်သည့် စနစ်ပင် ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရငွေများတိုးတက်ရရှိရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်ပြီး အသုံးစရိတ် များကိုလည်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ စနစ်တကျခွဲဝေသုံးစွဲ သွားကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) ပါ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရ အသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြဋ္ဌာန်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း။
လယ်ယာစိုက်ပျိုး ရေးကို အခြေခံသည့် မိမိတို့ နိုင်ငံအနေဖြင့် ဘဏ္ဍာရေးနှစ်သည် ဧပြီလမှ မတ်လအထိ သတ်မှတ်ခြင်းသည် ပိုမိုသင့်လျော်မှုရှိခြင်းကြောင့် ဘဏ္ဍာရေးနှစ်ကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်ကစပြီး ဧပြီလ (၁) ရက်မှ မတ်လ (၃၁) ရက်အထိ ပြောင်းလဲပြင်ဆင် သတ်မှတ် သွားမည်ဖြစ်သည့်အတွက် ကူးပြောင်းချိန်အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ (၆) လတာကာလအတွက် ဌာန၊ အဖွဲ့အစည်းများ၏ အရ အသုံးခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲဆောင်ရွက်ရခြင်း ဖြစ်ကြောင်း။
လက်ရှိကာလသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံတော်၏ စီးပွားရေး ကို ထိခိုက်ခဲ့ရပြီး နိုင်ငံရေးအဖျက်အမှောက်လုပ်ရပ်များကိုလည်း ရင်ဆိုင်ဖြေရှင်းနေရ သည့်အတွက် နိုင်ငံတော်၏ ရငွေ၊ သုံးငွေများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အလွန်အရေး ကြီးကြောင်း၊၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်ရငွေများ၊ အခြားရငွေ များကို ကင်းလွတ်ခွင့်ပြုခြင်း၊ ရွှေ့ဆိုင်းပေးခြင်း အစရှိသည့် ဖြေလျှော့ပေးခဲ့ရ မှုများကြောင့် အခွန်ဝင်ငွေများ ကျဆင်းခဲ့ရသကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေလည်း ကျဆင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အသုံးစရိတ်များကို ခြိုးခြံချွေတာ၍ စိစစ်သုံးစွဲကြရမည်ဖြစ်ပြီး သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များကိုမူ မဖြစ်မနေ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။
ငွေလုံးငွေရင်းအသုံးစရိတ်များ သုံးစွဲရာတွင် အမျိုးသားစီမံကိန်း ဥပဒေနှင့် အညီ (၆)လတာကာလအတွင်း ပြီးစီးနိုင်မည့် ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ် ငန်းများ၊ လုပ်ငန်းသစ်များ၊ မဖြစ်မနေလိုအပ်သည့် ပစ္စည်းဝယ်ယူခြင်းများကို ထိထိ ရောက်ရောက် ဖြစ်အောင်သုံးစွဲကြရန်လိုကြောင်း၊ (၆) လတာကာလအတွက်သာဖြစ် သဖြင့် ရန်ပုံငွေသုံးစွဲနိုင်မည့် အချိန်ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်းကျပ်ငွေဖြင့် ဝယ်ယူနိုင်သည့် ပစ္စည်းများကို ပြည်တွင်းကျပ်ငွေဖြင့်သာ ဝယ်ယူပြီး နိုင်ငံခြားသုံးငွေသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချရန်မှာကြားလိုကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာအသုံးစရိတ်များ ထက် ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လမ်း၊ ရေ၊ လျှပ်စစ်မီးအသုံးစရိတ်များ၊ ကုန်ထုတ်လုပ်မှုအသုံးစရိတ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များ၊ လူမှု ကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များတို့ကို ဦးစားပေးပြီး ထိထိရောက်ရောက် သုံးစွဲကြစေလိုကြောင်း။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့် (၆) လတာ ကာလအတွင်း ထိထိရောက်ရောက် အကျိုးရှိရှိသုံးစွဲနိုင်မည့် အသုံးစရိတ်များကိုသာ ဘဏ္ဍာငွေ အလေအလွင့် မရှိစေဘဲ ကျစ်ကျစ်လျစ်လျစ် သုံးစွဲကြရန် မှာကြားလို ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် အခါတွင် နိုင်ငံတော်၏ ဘဏ္ဍာရေး မူဝါဒ၊ စီမံကိန်းမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒအစရှိသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များကလည်း ဒေသန္တရစီမံကိန်းများဖြင့် အထောက်အကူပြု ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တင်ပြလာသော အရအသုံးခန့်မှန် ခြေငွေစာရင်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့၊ စက်ပစ္စည်းကြီး ကြပ်မှုကော်မတီ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ငွေလုံးငွေရင်းအသုံးစရိတ်များကို အသေးစိတ်စိစစ်ခဲ့မှုအခြေအနေများ၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်တွေ့ဆုံပြီး ဘဏ္ဍာငွေ အရ အသုံး လျာထားချက်များ စိစစ်ခဲ့မှု၊ ယခင် ခန့်မှန်းခြေစာရင်းများအပေါ် အခြေခံ၍ ယခု (၆)လအတွက် လျားထားသည့် ရငွေ၊ သုံးငွေများကို စိစစ်ခဲ့မှု အခြေ အနေများ၊ ယာယီရပ်ဆိုင်းထားသော နိုင်ငံပိုင်စက်ရုံများကို မူဝါဒနှင့်အညီ ပြန်လည် လည်ပတ်နိုင်ရေးအတွက် အသုံးစရိတ်များ လျာထားပေးခဲ့မှုအခြေအနေများ၊ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် အရေးပေါ်ရန်ပုံငွေ လျာထားပေးခဲ့မှုအခြေအနေများ၊ ပြည်သူများ၏ လိုအပ် ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ ငွေများ တစ်နှစ်ထက်တစ်နှစ် ပိုမိုထောက်ပံ့ပေးနိုင်ခဲ့မှုနှင့် ယခု (၆)လအတွက် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းအချုပ် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကို အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အစိုးရ တစ်ရပ်အနေဖြင့် တိုင်းပြည်သာယာ၀ပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်ရကြောင်း၊ တစ်ဖက်ကလည်း ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ဖွံ့ဖြိုးရေး အပိုင်းကို ဆောင်ရွက်ရကြောင်း၊ ငွေကြေးကိစ္စနှင့်စပ်လျဉ်း၍ ဝင်ငွေရှာဖွေရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ထုတ်ကုန် တိုးတက်မြင့်မားရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ပြီး ပြည်သူများဝင်ငွေရရှိမှသာ အခွန်ငွေပြည့်ပြည့်၀ဝရရှိမည်ဖြစ်ကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးလည်ပတ်မှုရှိရန်လိုအပ်ကြောင်း၊ ရငွေသုံးစွဲမှုအပိုင်းတွင် စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှုလုပ်ငန်းများ အတွက် အဓိကသုံးစွဲရကြောင်း၊ မိမိနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း အစိုးရတာဝန် ယူရသည့် ကဏ္ဍများ များပြားကြောင်း၊ အခွန်ပေးဆောင်ရန်အတွက် ထုတ်လုပ်သူများ အနေဖြင့် တာဝန်သိရန်လိုအပ်ကြောင်း၊ ကြွေးမြီသက်သာခွင့်နှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ကပ်ရောဂါကိုအကြောင်းပြု၍ ရှောင်ရှားနေသူများရှိကြောင်း၊ အခွန်ငွေရရှိမှု လျာထား ရာတွင် အမှန်တကယ် ရရှိနိုင်မည့် လမ်းကြောင်းများကို သိရှိရန်လိုအပ်ကြောင်း၊ သက်ဆိုင် ရာဌာနများအနေဖြင့် အခွန်ရငွေနှင့် အခွန်နှုန်းများကို ခေတ်ကာလနှင့်လျော်ညီအောင် ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်သူလူထုကို ဝန်ထုပ် ဝန်ပိုး ဖြစ်စေလို၍ မဟုတ်ဘဲ ပြည်သူအပေါ်ဝန်ဆောင်မှုဆောင်ရွက်နိုင်ရန်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ ရရှိရန်သာဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ခွင့်ပြုရန်ပုံငွေများကို ပြည်သူလူထုအတွက် အသုံးပြုရန်လိုအပ်ကြောင်း၊ မိမိတို့သည် နိုင်ငံရေးအစိုးရ မဟုတ် သော်လည်း ပကာသနကိုလျှော့ချကာ တိုင်းပြည်အတွက် လက်တွေ့အကျိုးရှိပြီး ပြည်သူ လူထုကို တိုက်ရိုက်အကျိုးပြုမည့် လုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ ဆောင်ရွက်မှုများသည် အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည် ချမ်းသာရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
တင်ဒါလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်သင့်ရာ မလုပ်ဆောင်ကြရန်နှင့် သတ်မှတ် စည်းမျဉ်းများအတိုင်းသာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းသို့ မသမာမှုများသည် တိုင်းပြည်အတွက် များစွာနစ်နာကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်နှင့်လျော်ညီပြီး ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ရရှိသည့် ဘဏ္ဍာငွေကို အကျိုးရှိရှိ အသုံးချရန်နှင့် မလိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်းများ မပြုလုပ်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့ တာဝန်ယူရသည့် ကာလအတွင်း တိုင်းပြည်အတွက် အကျိုးရှိရှိ ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ (၆) လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်း ခြေငွေစာရင်းအပါအဝင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက် ပေးပို့တင်ပြပြီး ဥပဒေပြဋ္ဌာန်းပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေး၊ စက်ရုံ၊ အလုပ်ရုံများ၊ ကုန်ထုတ်လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင် ရွက်နိုင်ရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင် ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန် များ အရည်အသွေးပြည့်မီရေးနှင့် ဈေးကွက်ရရှိရေးအတွက် သုတေသနလုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ပညာရေး၊ ကျန်းမာ ရေးတို့နှင့်ပတ်သက်၍ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ မြင့်မားလာစေရန် ပြည်သူများ၏ ပညာရည်မြှင့်တင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်လာရေးတို့အတွက်လည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေ ဖြင့် ဌာနအတွက် အသုံးစရိတ်များထက် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုနိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ လျှပ်စစ်မီး၊ လမ်းတံတား၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးစသည့် လုပ်ငန်းများကို ဦးစားပေး၍ ထိထိရောက်ရောက် သုံးစွဲကြစေလိုကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအသုံးစရိတ်များကို ယခင်ဘဏ္ဍာရေးနှစ် ၂၀၂၀-၂၀၂၁ တွင်လည်း သုံးစွဲခဲ့သကဲ့သို့ ယခု (၆) လ ဘဏ္ဍာရေးနှစ်တွင်လည်း ဆက်လက် လျာထား သုံးစွဲရန် ခွင့်ပြုထားပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးရန်ပုံငွေကိုလည်း လိုအပ်သလို ထပ်မံဖြည့်တင်းပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ပြီး ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ အသုံးစရိတ်လိုအပ်ချက်များအတွက် ယခု (၆) လ ဘဏ္ဍာရေး နှစ်တွင် အရေးပေါ်ရန်ပုံငွေကျပ် ၅၆ ဘီလီယံအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ အထူးရန်ပုံငွေတစ်ရပ်ကိုလည်း ကျပ် ဘီလီယံ ၁၀၀ လျာထား၍ သုံးစွဲသွားနိုင်ရန် စီစဉ် ထားကြောင်း။
ပြည်ပချေးငွေ၊ ပြည်ပအကူအညီရငွေများ နှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်းများ၊ ပြည်ပအကူအညီရ ငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ နိုင်ငံ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်း၊ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားခြင်း၊ ချေးငွေ၊ ထောက်ပံ့ငွေသစ်များရရှိက နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးပြု-မပြု၊ သက်သာမှု ရှိ-မရှိ၊ နှောင်ကြိုး ရှိ-မရှိတို့ကို စိစစ်ရယူခြင်း၊ ချေးငွေ ရယူထားမှုများ အတွက် အရင်း၊ အတိုး ပြန်လည်ပေးဆပ်မှုများကို တာဝန်သိနိုင်ငံတစ်ခုအဖြစ် မပျက်မကွက် ပြန်လည် ပေးဆပ်ခြင်းတို့ကို ဂရုပြု ဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတော်တွင် ကိုယ်ပိုင်ဘဏ္ဍာငွေ တောင့်တင်းခိုင်မာလာပါက ပြည်ပချေးငွေ ရယူရမှုလည်း နည်းပါးလာမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေ တောင့်တင်းခိုင်မာရေးအတွက် အခွန်အကောက်ရငွေများ ပြည့်ပြည့်ဝဝ ရရှိရေးနှင့် သဘာဝသယံဇာတကဏ္ဍမှ ရရှိငွေများ၊ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုများမှ ရရှိငွေများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ နိုင်ငံတော်သို့ ထည့်ဝင်ငွေများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည် ဖြစ်ကြောင်း၊ တစ်ဖက် ကလည်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး အစိုးရ ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍ၊ သမဝါယမကဏ္ဍတို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့အတွက် အသုံးစရိတ်ကို အတတ်နိုင်ဆုံး ချွေတာခြင်း၊ ပကာသနများ မပြုလုပ်ခြင်းနှင့် ရသင့်ရထိုက်သည့် အခွန်များ ရရှိအောင် ဆောင်ရွက်ခြင်း သည် တိုင်းပြည် ဘဏ္ဍာရေး အားကောင်းမှုကို များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း။
နိဂုံးချုပ်အနေဖြင့်ယခုခွဲဝေပေးထားသော အသုံးစရိတ်ရန်ပုံငွေများဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ဖော်ဆောင်နိုင်ရန် မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။