ဘန်ကောက်မြို့ကို ရေမလွှမ်းစေရေး ထိုင်းတာဝန်ရှိသူများ ကြိုးပမ်းနေ

ဘန်ကောက်မြို့ကို ရေမလွှမ်းစေရေး ထိုင်းတာဝန်ရှိသူများ ကြိုးပမ်းနေ

ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များတွင် ရေကြီးမှု ဖြစ်ပွားလျက်ရှိရာ အိမ်ထောင်စု ၇ဝဝဝဝ ရေဘေးဒုက္ခရောက်ကာ လူခြောက်ဦး သေဆုံးထားစဉ် ဘန်ကောက်မြို့ကို     ရေမလွှမ်းစေရေး အတွက် တာဝန်ရှိသူများက ကြိုးပမ်းနေကြောင်း သိရသည်။

အပူပိုင်းမုန်တိုင်းဖြစ်သည့်  ဒီယန်မူကြောင့် ပြည်နယ် ၃ဝ တွင် ရေကြီးမှုများ ဖြစ်ပွားရာ   နိုင်ငံအလယ်ပိုင်းဒေသက ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံနေရကြောင်း ထိုင်းသဘာဝဘေး ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ပြောသည်။

တာဝန်ရှိသူများက မိုးရေချိန်မြင့်မားမှုကြောင့် ဆည်များကျိုးမည်ကိုစိုးရိမ်သည့် အတွက် ချောင်ဖရာယာမြစ် အထက်ပိုင်းရှိ ဆည်များမှ  ရေများဖောက်ချနေသည့် အတွက်   မြစ်ရေမှာ   တဖြည်းဖြည်း မြင့်တက်လာကြောင်း တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် ဘန်ကောက်မြို့ကို ရေလွှမ်းမိုးမှု မခံရစေရေးအတွက်   စက်တင်ဘာ ၂၈ ရက်တွင်  ကယ်ဆယ်ရေး အဖွဲ့များက အတားအဆီးများနှင့် သဲအိတ်များချကာ ရှေးဟောင်းနယ်မြေများကို ကာကွယ်နေသည်။

အလားတူ ဘန်ကောက်မြို့အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင်ဖြစ်ပွားသော ရေလွှမ်းမိုးမှုကဲ့သို့  ဖြစ်ပေါ်လာမည့် အခြေအနေကို ရှောင်လွှဲနိုင်မည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားသည်။

ဘန်ကောက်မြို့ အုပ်ချုပ်ရေးအဖွဲ့ကလည်း ၎င်းတို့အနေဖြင့် ချောင်ဖရာယာ မြစ်ရေမြင့်တက်မှုကို ဂရုတစိုက် စောင့်ကြည့် နေကြောင်းနှင့် ရေစုပ်စက်များ၊ သဲအိတ်များကို   အသင့်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားသည်။

၂ဝ၁၁ ခုနှစ် မုတ်သုံရာသီရေကြီးမှုသည်   ဆယ်စုနှစ်ပေါင်းများစွာ အတွင်း အဆိုးဆုံးသော ရေကြီးမှုဖြစ်ကာ မြို့၏ ငါးပုံ တစ်ပုံက   ရေအောက်ရောက်သွားရပြီး လူအယောက် ၅ဝဝ ကျော် သေဆုံးကြောင်း သိရသည်။

Ref: TST