ဘန်လေအသင်းတိုက်စစ်မှူး ခရစ္စဝုဒ်၏ လိဒ်အသင်းနှင့်ပွဲစဉ်မှသွင်းဂိုးသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့်အချိန်မှစ၍ သွင်းဂိုး ၃၀၀၀၀ မြောက်ဂိုးအဖြစ်မှတ်တမ်းဝင်

လန်ဒန်၊ ဘောလုံး

ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် သြဂုတ် ၂၉ ရက် ညပိုင်းက ကစားသည့် ဘန်လေအသင်းနှင့်  လိဒ်ယူနိုက်တက်အသင်းတို့ပွဲစဉ်မှ ဘန်လေအသင်းတိုက်စစ်မှူး ခရစ္စဝုဒ်၏သွင်းဂိုးသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့်အချိန်မှစ၍  ၃၀၀၀၀ မြောက်သွင်း ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ခရစ္စဝုဒ်သည် ပွဲချိန် ၆၁ မိနစ် တွင် ဘန်လေအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ပွဲချိန် ၈၆ မိနစ်တွင် လိဒ်အသင်းမှ ဘန်းဖို့ဒ်သွင်းယူသည့်ချေပဂိုးကြောင့်  တစ်ဂိုးစီသရေရလဒ်နှင့်ပြီးဆုံးခဲ့သည်။   ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သြဂုတ် ၂၉ ရက်က ကစားခဲ့သည့် တခြားပွဲစဉ်တစ်ပွဲဖြစ်သော စပါးအသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့ပွဲစဉ်တွင် ၂၉၉၉၉ မြောက် သွင်းဂိုးကို စပါးအသင်းမှ ဆွန်ယောင်မင်က သွင်းယူနိုင်ပြီးနောက် ၃၀၀၀၀ မြောက်ဂိုးကို ခရစ္စဝုဒ်က သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်တွင်  ၁၉၉၂ ခုနှစ်က ပထမဆုံးသွင်းဂိုးကို ဒိန်းက သွင်းယူနိုင်ခဲ့ပြီးနောက် ၁၀၀ ပြည့်သွင်းဂိုးကို ၁၉၉၂ ခုနှစ်တွင် ကန်တိုနာ၊ ၁၀၀၀ ပြည့်သွင်းဂိုးကို ၁၉၉၆ ခုနှစ်က နီဝဲလ်၊ ၅၀၀၀ ပြည့်သွင်းဂိုးကို တောင်းဆန်၊ ၁၀၀၀၀  ပြည့်သွင်းဂိုးကို ဖာဒီနန်၊ ၁၅၀၀၀ ပြည့်သွင်းဂိုးကို  ဗွိုက်ဇ်၊  ၂၀၀၀၀ ပြည့်သွင်းဂိုးကို  အက်ဘရိုက်တန်၊  ၂၅၀၀၀ ပြည့်သွင်းဂိုးကို    အီဗရာဟီမိုဗစ်ချ်ကသွင်းယူခဲ့ပြီး ၃၀၀၀၀  ပြည့်ဂိုးကို  ခရစ္စဝုဒ်က  သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။         

 Ref;Sky Sports