ဘရာဇီး လက်ရွေးစင်အသင်းမှ ကစားသမားများ ကိုပါ အမေရိကပြိုင်ပွဲမှ နုတ်ထွက်နိုင်ဖွယ် ရှိနေခြင်းကြောင့်  ပြိုင်ပွဲကျင်းပမှု အပြောင်းအလဲ ဖြစ်လာဖွယ်ရှိနေ

ဘရာဇီးလက်ရွေးစင် အသင်းမှ    ကစားသမား အများစုသည်  မကြာမီကျင်းပမည့်  ကိုပါအမေရိက ဖလားပြိုင်ပွဲမှ နုတ်ထွက်လာနိုင်သည့် အခြေအနေရှိခြင်းကြောင့်  ပြိုင်ပွဲကျင်းပမှု  အပြောင်းအလဲဖြစ်လာ ဖွယ်ရှိနေကြောင်း သိရသည်။

ကိုပါအမေရိက ဖလားပြိုင်ပွဲကို ကိုလံဘီယာနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့၌ ကျင်းပမည်ဖြစ်သော်လည်း ကိုလံဘီယာအသင်းက နိုင်ငံရေးအခြေအနေ တည်ငြိမ် မှုမရှိသောကြောင့် နုတ်ထွက်ခဲ့သကဲ့သို့ အာဂျင်တီးနား အသင်းကလည်း နိုင်ငံအတွင်း COVID-19 ရောဂါ ဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် နုတ်ထွက်ခဲ့သဖြင့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ဘရာဇီးနိုင်ငံ၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်  လက်ရှိတွင်  ဘရာဇီးနိုင်ငံ၌   COVID-19    ရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး  နေ့စဉ် တစ်ရက်လျှင်   လူဦးရေ တစ်သိန်းနီးပါး ကူးစက်နေသည့်အတွက် ဘရာဇီးလက်ရွေးစင် အသင်းမှ ကစားသမားအများစုက   ဘရာဇီးနိုင်ငံ၌    ကျင်းပခြင်း အတွက် အာဏာပိုင်အဖွဲ့များနှင့် သဘောထား ကွဲလွဲနေကာ  အသင်းနည်းပြတီတီ၊  စီနီယာကစားသမားများ ဖြစ်ကြသည့် ကာစီမီရို၊ မာကွင်ဟို၊ နေမာ  စသည့် ကစားသမားအများစုက  ကန့်ကွက်နေကြပြီး  ကိုပါ အမေရိကဖလား ပြိုင်ပွဲမတိုင်မီ  ပါရာဂွေးအသင်းနှင့် ကစားမည့်  ခြေစမ်းပွဲစဉ်၌လည်း  ကန့်ကွက်မှုများ ပြုလုပ်ပြီး  အသင်းမှ နုတ်ထွက်ကြဖွယ် ရှိနေကြောင်း သိရသည်။