ဘာလီကမ်းခြေ၌ နှာခေါင်းစည်းမတပ်သည့် နိုင်ငံခြားသားများကို ဒိုက်ထိုးခိုင်းပြီးအပြစ်ပေး

ဒန်ပါဆာ၊ ကျန်းမာရေး

အင်ဒိုနီးရှားနိုင်ငံ   ဘာလီကမ်းခြေ၌ နှာခေါင်းစည်းမတပ်ဘဲသွားလာနေသည့် နိုင်ငံခြားသားများကို ရဲတပ်ဖွဲ့က ပုံမှန်မဟုတ်သည့်  အပြစ်ပေးမှုအဖြစ်   ဒိုက်ထိုးခိုင်းကြောင်း ဇန်နဝါရီ ၂၀ ရက်ထုတ်ပြန်ချက် အရသိရသည်။ အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ရင်ဆိုင်နေရသည့်အတွက် ပြီးခဲ့သည့် နှစ်တွင် အများနှင့်သက်ဆိုင်သောနေရာများ၌    နှာခေါင်းစည်းမဖြစ်မနေတပ်ရမည့်စည်းကမ်းချက်ကို ဘာလီကျွန်းရှိအာဏာပိုင်များက သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

မကြာသေးမီရက်များအတွင်း နှာခေါင်းစည်းမတပ်သည့်နိုင်ငံခြားသားများစွာကို ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း  ကမ်းခြေလုံခြုံရေးတာဝန်ရှိသူ ဂက်စတီအဂေါင်းကီတုဆာရာနီဂါရာကပြောသည်။ ကိုဗစ်-၁၉   ရောဂါဖြစ်ပွားနေစဉ် နှာခေါင်းစည်းမတပ်ခြင်းကြောင့် ဖမ်းဆီးခံရသူ ၇၀ ကျော်မှာ ပြစ်ဒဏ် အဖြစ် ဒဏ်ငွေ ရူပီးယားတစ်သိန်း   ပေးဆောင်ရသည်။ သို့သော် လူ ၃၀ ခန့်မှာဒဏ်ငွေပေး ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါဒဏ်ငွေမပေးနိုင်သူများအနေဖြင့် ပြစ်ဒဏ်အဖြစ် ဒိုက်အကြိမ် ၅၀ ထိုးရခြင်းဖြစ်သည်။ နှာခေါင်း စည်းတပ်ထားသော်လည်း သတ်မှတ်ချက်နှင့်မကိုက်ညီသည့်နှာခေါင်းစည်းတပ်သူများကို  ဒိုက် ၁၅ ကြိမ်သာထိုးခိုင်းကြောင်း တာဝန်ရှိသူများကပြောသည်။ နှာခေါင်းစည်းမတပ်ခြင်းကြောင့် အပြစ်ပေး ခံရသူများသည် ၎င်းတို့အနေဖြင့် တာဝန်ရှိသူများသတ်မှတ်ထားသည့်    အဆိုပါစည်းမျဉ်းဥပဒေများကို အမှန်တကယ်သိရှိခဲ့ခြင်းမရှိကြောင်း ဝန်ခံပြောဆိုထားသည်ဟုသိရသည်။