ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊

နေပြည်တော်၊ ဇူလိုင် - ၃

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ ရွှေပြည်သာပရိယတ္တိစာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ (၁၃)လမ်းရှိ ကြည်သာအေးမြ ဘုန်းတော်ကြီး ကျောင်းတို့မှ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အောက်ရွာဘုန်းတော်ကြီးကျောင်းဝန်း အတွင်းရှိ သိမ်ပြုပြင်ရန်အတွက် အမ်းတပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့များမှ မိသားစုဝင်များ စုပေါင်းလှူဒါန်းသည့် အလှူငွေနှင့် နဝကမ္မအလှူငွေ စုစုပေါင်း ၁၂၈၀၀၀၀ ကျပ်ကို ဇူလိုင် ၂ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုန္ဒရအား ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။