ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်  

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

 
နေပြည်တော်၊ စက်တင်ဘာ - ၇

 
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ရှိ ပုဗ္ဗာရုံပရိယတ္တိရွှေကျင်ကျောင်း၊ နမ္မလင်း ကျောင်းတိုက်၊ ဘုရားကြီးဝေယျာဝစ္စတောင်ပေါ်ကျောင်း၊ ရွှေမြင်သာကျောင်း၊ မြို့ဦး ကျောင်း၊ မြို့လယ်ကျောင်း၊ ပညာလင်္ကာရသီလရှင်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာရှိ ကွမ်းခြံကုန်းကျောင်းတိုက်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ငါးစို့တိုက်(မိဘမဲ့ဂေဟာ)ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ကျောင်းထိုင်ဘုန်းတော်ကြီး သင်ကျောင်း၊ အေးချမ်းမြေ့ကျောင်းတိုက်၊ ငါးမာန်အောင်မြို့ဦးကျောင်းတိုက်နှင့် သာသနာ- ၂၅၀၀ ကျောင်းတိုက်များရှိ သံဃာတော်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။