ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ အဝင်ပုံမှန်ရှိနေပြီး ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေ

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ အဝင်ပုံမှန်ရှိနေပြီး ဈေးကွက်အတွင်း  အရောင်းအဝယ်အေးနေကြောင်း  ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ဇွန် ၇ ရက်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်စုံမှ ကြက်သွန်နီကား အစီးရေ ၃ဝ ဝင်ရောက်ပြီး ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂ဝဝ မှ ၃၇၅ ကျပ်အထိ ဈေးနှုန်း ရှိကြောင်း သိရသည်။

''ကြက်သွန်နီ အရောင်းအဝယ်အေးတယ်။ နယ်စုံကနေ   ကြက်သွန်နီအဝင်ကတော့   ပုံမှန်အတိုင်းပဲရှိတယ်။  ကြက်သွန်နီထွက်တဲ့ ဒေသတွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်ရိုက်တင်ပို့နေတယ်'' ဟု ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ   အောင်ရတနာပွဲရုံ မန်နေဂျာ ဦးလှမောင် ကပြောသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်နီများကို  တရုတ်နှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ  ဝယ်ယူလေ့ရှိပြီး  လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  ဝယ်ယူနေခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်  ကြက်သွန်နီထွက်ရှိသည့် ဒေသများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့နေခြင်းဖြစ်ပြီး   ဇွန်  ၇  ရက်တွင် ပခုက္ကူကုန်စည်ဒိုင်သို့    ကုန်ပိဿာချိန် တစ်သိန်းခန့်  ဝင်ရောက်ကာ  ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝ မှ ၃၃ဝ ဈေးနှုန်း ရှိကြောင်း သိရသည်။