ဘဲမွေးမြူရေးလုပ်ငန်း ဥစားဘဲ မွေးမြူသူများ အစာဈေးနှုန်း မြင့်တက်နေသည့် အခက်အခဲနှင့် တွေ့ကြုံနေရ

ပြည်တွင်းရှိ   ဘဲမွေးမြူရေး လုပ်ငန်းများတွင် ဥစားဘဲမွေးမြူသူများ အနေဖြင့် ဘဲဥ ဥနှုန်း ကောင်းမွန်ပြီး ဈေးကွက်ဝယ်လို အားရှိသော်လည်း အစာဈေးနှုန်း မြင့်တက်နေသည့်    အခက်အခဲနှင့် တွေ့ကြုံနေရကြောင်း ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

''လက်ရှိမှာတော့    ဘဲဥဈေးကွက်က ဝယ်လိုအားကောင်းနေတယ်။ ဥဥနှုန်းလည်း ကောင်းပါတယ်။ ဒါပေမဲ့  အစာဈေးနှုန်း မြင့်တက်နေတယ်။  အသင့်စား  အစာတောင့်တွေက ထုတ်လုပ်တဲ့နိုင်ငံ၊ ထုတ်လုပ်တဲ့ ကုမ္ပဏီအများကြီး ရှိနေတဲ့အတွက် ကိုယ်မွေးမြူတဲ့နေရာနဲ့  နီးစပ်ရာဝယ်လို့ လွယ်တာကိုပဲ အဓိကထား  သုံးကြတယ်''ဟု မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ   ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ကိုဦး ကပြောသည်။

ဘဲစာကျွေးရာတွင် အသင့်စာနှင့် ရောစပ်စာဟူ၍ နှစ်မျိုးရှိပြီး အသင့်စာကို ဝယ်ယူကျွေးမွေးပါက တစ်ပိဿာလျှင် ငွေကျပ်  ၁ဝဝဝ ဝန်းကျင် ကုန်ကျနိုင်ကြောင်း  သိရသည်။

''အစာဖိုးက ရောစပ်စာကျွေးမယ်ဆိုရင်  တစ်ပိဿာကို  ငွေကျပ်  ၈ဝဝ  လောက် ကုန်ကျတယ်။ အသင့်စာကတော့ ကုမ္ပဏီတွေရဲ့    အစာဖြုန်းအားပေါ် မူတည်ပြီး ဈေးနှုန်းလည်း ကွာကြတယ်။   ပြည်တွင်း မှာက    ကုန်ကြမ်းအလွယ်တကူ ဝယ်လို့ ရတော့ ရောစပ်စာကျွေးရတာ အဆင်ပြေပါတယ်။ ရာသီပေါ် မိမိဒေသ ထွက်ကုန်ကြမ်းကို  ဈေးအသင့်အတင့်နဲ့ ရရင်တော့ ရောစပ်စာကျွေးတာက  သင့်တော်တယ်။ ကုန်ကြမ်းဝယ်ရ ခက်ခဲပြီး ဈေးကြီးတဲ့ အရပ်ဒေသက ဘဲမွေးမြူသူ ဆိုရင်တော့ အသင့်စာကိုကျွေးသင့်ပါတယ်''ဟု ဦးအောင်ကိုဦး ကပြောသည်။

ရောစပ်စာကျွေးရာတွင်   ထည့်သွင်းရသည့် အစာကုန်ကြမ်းများမှာ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်းတို့ဖြစ်ပြီး ရာသီပေါ်ကုန်ကြမ်းများကို     ကုန်ကြမ်းဈေး အတက်အကျ အလိုက်  ချိန်ဆကျွေးသင့်ကြောင်း  သိရသည်။