မက်ဆီရောက်ရှိလာမည့် သတင်းကြောင့် ပီအက်စ်ဂျီအသင်းအိမ်ကွင်းရှေ့၌ ပရိသတ်များ စုဝေးရောက်ရှိလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းပြီး လူစုခွဲခဲ့ရ

ပါရီ၊ ဘောလုံး

ပီအက်စ်ဂျီအသင်းနှင့် မက်ဆီတို့စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်လာ ပြီးနောက် သြဂုတ် ၉ ရက် ညပိုင်းက ပါရီမြို့သို့ မက်ဆီလာရောက်မည်ဟူသည့်သတင်းကြောင့် ပီအက်စ်ဂျီအသင်းအိမ်ကွင်းရှေ့၌ ပရိသတ်များစုဝေးရောက်ရှိ လာသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ထိန်းသိမ်းပြီး လူစုခွဲခဲ့ရကြောင်း သိရသည်။

ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး  ကလပ်အသင်းလက်မဲ့ဖြစ်နေသည့်  မက်ဆီကို ပီအက်စ်ဂျီအသင်းက တစ်နှစ် လုပ်ခလစာ ယူရို သန်း ၃၀ နှင့်အထက်ပေးကာ သုံးနှစ်စာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဟု   သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဆေးစစ်မှုခံယူရန် သြဂုတ် ၉ ရက်တွင် ပီအက်စ်ဂျီအသင်းသို့ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် ပါရီမြို့ရှိ ပီအက်စ်ဂျီအသင်းပရိသတ်များက အသင်းအိမ်ကွင်းရှေ့၌ မက်ဆီကိုကြိုဆိုရန် စုဝေးရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲကာလ ဖြစ်သောကြောင့် ပီအက်စ်ဂျီအသင်းအိမ်ကွင်းရှေ့၌ မလိုလားအပ်ဘဲ လူစု လူဝေးဖြစ်ပွားနေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မက်ဆီကိုကြိုဆိုရန် စောင့်ဆိုင်းနေသည့်ပရိသတ်များအား လူစုခွဲပေးရန် တောင်းဆိုခဲ့သည်။ ပီအက်စ်ဂျီအသင်းအနေဖြင့် မက်ဆီကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ရာ ဘဏ္ဍာရေး စည်းမျဉ်းနှင့် ကိုက်ညီစေရန်အတွက် အသင်းမှ ကစားသမား  ၁၀  ဦးအထိရောင်းချရန်   ပြင်ဆင်လျက်ရှိကြောင်း သိရသည်။               

Ref;L'Equipe