မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မော်တော်ယာဉ် ၁ စီးအားမီးရှို့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးဒဏ်ရာရ

နေပြည်တော်  ဇွန်  ၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော် ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင်  ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ကျေးရွာ ရပ်/ကျေးစာရေး ကိုကျော်မျိုးနိုင်၊ ဟံသာဝတီ ကျေးရွာ ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့မှူး ဦးသာလူ၊ မြောက်ခင်ရန်းကျေးရွာ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးစိန်ဦး၊ မခင်မျိုးတင့်၊ မြောက်ခင်ရန်းတိုက်နယ်ဆေးရုံ သန့်ရှင်းရေးဝန်ထမ်း မသီတာဝင်းနှင့် သူနာပြုဆရာမ မသဲမာထွေးတို့ ၆ ဦးသည် ဂန့်ဂေါမြို့၌  လစာများထုတ်ယူပြီး  ADVAN မော်တော်ယာဉ်ဖြင့် မြောက်ခင်ရန်းကျေးရွာသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း၊ ည ၆ နာရီ ၁၅ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်အမှတ်(၃၂)အနီး ရဲလှကျေးရွာနှင့် မွေ့လယ်ကျေးရွာကြား အရောက် တွင် တူမီးသေနတ်ကိုင်ဆောင် ထားသည့် အကြမ်းဖက်သောင်းကျန်းသူအင်အား ၈၀ ဦးခန့်က သစ်ကိုင်းများဖြင့် လမ်းအား ပိတ်ဆို့တားဆီးပြီး ယာဉ်ပေါ်ပါလာသူ ၆ ဦးအား ယာဉ်ပေါ်မှဆင်းခိုင်း၍ တူမီးသေနတ်များဖြင့်  ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ကာ  လစာငွေများ သိမ်းယူပြီး လူများနှင့် မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ် သတ်ဖြတ်မီးရှို့မှုကြောင့် ကိုကျော်မျိုးနိုင်၊  ဦးသာလူ၊  ဦးစိန်ဦး၊ မခင်မျိုးတင့်နှင့် မသီတာဝင်းတို့သည် မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး မသဲမာထွေးမှာ သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါအကြမ်းဖက်သူများ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မသဲမာဦး အား  ယနေ့နံနက်ပိုင်းတွင် ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ မော်တော်ယာဉ်အား မီးရှို့၍ယာဉ်ပေါ်တွင်လိုက်ပါလာသူများအား သေနတ်ဖြင့် ရက်စက်စွာပစ်ခတ် သတ်ဖြတ် ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲပြန်ကြား