မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက် အဖွဲ့များက အကြမ်းဖက် ရန်ပြုတိုက်ခိုက်

နေပြည်တော်၊ မေ ၃

    မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးအနီး ထီးလင်း-ဂန့်ဂေါသွား ကားလမ်းပေါ်သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ယနေ့ နံနက် ၆  နာရီခန့် တွင် ဆိုင်ကယ်ဖြင့်‌ ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံး ပစ်ချထွက်ပြေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပေါက်ကွဲမှုကြောင့် ရုံးရှေ့ ကတ္တရာလမ်းပေါ်တွင် အကျယ် ၃ လက်မ၊ အနက် လက်မဝက်ခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း တွေ့ရှိခဲ့ရသည်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သူ အကြမ်းဖက်သူများအား ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းရှာဖွေခဲ့ရာ နံနက် ၇ နာရီအချိန် ထီးလင်း-ဂန့်ဂေါသွားကားလမ်း မိုင်တိုင်အမှတ် ၉၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား ဝက်သက်ကျေးရွာ အဝင်လမ်းထိပ်သို့ ရောက်ရှိစဉ် လမ်းယာဘက် ကိုက် ၁၀၀ ခန့်အကွာ တောင်ယာတဲအတွင်းမှ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ အင်အား ၄၀ ဦးခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်များအား တူမီးသေနတ်များ၊ အခြားလက်လုပ်သေနတ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့မှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တောင်ယာတဲအား ရှာဖွေစစ်ဆေးခဲ့ရာ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့များ ကျန်ရှိခဲ့သည့် ဆိုင်ကယ် ၆ စီးနှင့် တူမီးသေနတ် ၂ လက်တို့အား သိမ်းဆည်းရမိခဲ့သည်။

    ဆက်လက်၍ လုံခြုံရေးအဖွဲ့သည် ထီးလင်းမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ထီးလင်း-ဂန့်ဂေါကားလမ်းမပေါ်ရှိ ထန်းပင်ကုန်း ကျေးရွာအနီးအရောက်တွင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ဦးခန့်က လမ်း၏ ယာဘက်တောင်ကုန်းပေါ်မှ တူမီးသေနတ်၊ အခြားလက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှာ လူစုကွဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ၎င်းအဖွဲ့မှ အမျိုးသား ၃ ဦးမှာ ထိမှန်ဒဏ်ရာရရှိ သေဆုံးခဲ့ကာ ထန်းပင်ကုန်း ကျေးရွာနေ နေမျိုးအောင်(၂၉)နှစ်(ဘ)ဦးလှမောင်အား တူမီးသေနတ် ၄ လက်၊ လေသေနတ် ၁ လက်၊ လက်လုပ်ဗုံး ၃ လုံးနှင့်အတူ ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင် တူမီး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

    နံနက် ၉ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထီးလင်းမြို့၏ လုံခြုံရေးအခြေအနေ များအား အနီးကပ်ကြီးကြပ်နိုင်ရန်နှင့် လုံခြုံရေးအင်အား ဖြည့်တင်းနိုင်ရန်အတွက် ဂန့်ဂေါမြို့မှ ထွက်ခွာလာခဲ့ရာ နံနက် ၁၀ နာရီခွဲအချိန် ထီးလင်း-ဂန့်ဂေါသွား ကားလမ်း ထန်းပင်ကုန်းကျေးရွာအနီး အရောက်၌ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ အင်အား ၅၀ ဦးခန့်က တူမီးသေနတ်၊ အခြားလက်လုပ် သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ထိခိုက်ဒဏ်ရာရရှိကာ လုံခြုံရေး တပ်ဖွဲ့သုံး မော်တော်ယာဉ် ၁ စီး ကျည်ထိမှန်ပျက်စီး ခဲ့ကြောင်း သိရှိရ သည်။

    အထက်ပါဖြစ်စဉ်များမှ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိသည်။