မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာ၌ မီးလောင်ခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်အား သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ ဇွန် ၁၇
    
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်လုပ် သေနတ်များ ပြုလုပ်ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီးအရောက် လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
    
ထိုကဲ့သို့ ကင်းမကျေးရွာရှိ လူနေအိမ်များအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ သတင်းမီဒီယာအချို့က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် မဟုတ်မမှန် စွပ်စွဲရေးသားနေကြသည်ကို တွေ့ရှိရသည်။
    
ကင်းမကျေးရွာရှိ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်စဉ်မှာ ဇွန်လ ၁၃ ရက်နေ့ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာအုပ်စု၊ ဝန်ကြီးကျေးရွာနေ ဦးစိန်မောင်၏နေအိမ်၌ ၎င်းနှင့်အတူ အမျိုးသား ၅ ဦးတို့စကားပြောနေစဉ် ကျော်မင်းနိုင်ပါ အမျိုးသား ၃ ဦးမှ လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဦးစိန်မောင်နှင့် ကိုမင်းမင်းစိုးတို့တွင် ပေါက်ပြဲဒဏ်ရာအသီးသီးရရှိခဲ့၍ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ ကျော်မင်းနိုင် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့သည်။  
    
ထိုသို့ စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးများအား ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ အမျိုးသား ၁ ဦး ထံမှ ဝယ်ယူရရှိခဲ့ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းခဲ့ရာ အဆိုပါအမျိုးသားမှာ ကင်းမကျေးရွာတွင် နေထိုင်ပြီး တစ်ရွာတည်းနေ NLD ပါတီဝင် ၁ ဦးနှင့် ယခင်ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦးတို့၏ ငွေကြေးထောက်ပံ့မှုဖြင့် လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးများပြုလုပ်ကာ ကျေးရွာအတွင်း ရောင်းချနေကြောင်း ထမ်မံသိရှိခဲ့ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး ကင်းမကျေးရွာသို့ ဇွန်လ ၁၅ ရက်နေ့တွင် သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်စဉ် ကင်းမကျေးရွာအနီးရောက်ရှိချိန်၌ ကျေးရွာဆိုင်းဘုတ်အနီးရှိ အကြမ်းဖက်သူ ၁၀ ဦးခန့်က တောင်ကုန်းပေါ်မှ တူမီးသေနတ်များ၊ လက်လုပ်ဗုံးများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများက တောင်ကုန်းပေါ်မှ ဆုတ်ခွာသွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါတောင်ကုန်းပေါ်သို့ အသေးစိတ်ပိတ်ဆို့ရှာဖွေခဲ့စဉ် အကြမ်းဖက်သူများက ထပ်မံချောင်းမြောင်းပစ်ခတ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ပြီး ကင်းမကျေးရွာအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် ကင်းမကျေးရွာအတွင်း ထွက်ပြေးဝင်ရောက်သွားသော ဒေသခံ PDF အကြမ်းဖက် အဖွဲ့များ၊ ချင်းပြည်နယ်ဘက်မှ ရောက်ရှိလာ‌ေသာ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးကျော်ဌေး ၏ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ရာမှ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
    
ကင်းမကျေးရွာအတွင်းရှိ ရွာသူ၊ ရွာသားများသည် ဇွန်လ ၁ ရက်နေ့တွင် အဆိုပါကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးညိုချောအား အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးရန်လာရောက်သော လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ရွာသူ၊ ရွာသားအများစုမှာ ကျေးရွာတွင် နေထိုင်ခြင်းမရှိတော့ဘဲ မိမိတို့ဆွေမျိုးများရှိရာ မြို့/ရွာများသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိသဖြင့် ကျေးရွာအတွင်း၌ အိမ်စောင့်၊ သက်ကြီးရွယ်အိုများနှင့် PDF အကြမ်းဖက်အဖွဲ့များသာ ကျန်ရှိကြသဖြင့် မီးငြိမ်းသတ်နိုင်ခြင်းမရှိပဲ မီးကူးစက်လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    
မီးလောင်မှုဖြစ်ပွားချိန်တွင် မီးငြှိမ်းသတ်ရန် ရွာသူ၊ ရွာသားများမရှိခြင်း၊ မီးသတ်ယာဉ်များ လာရောက်မီးငြှိမ်းသတ်ရန် အခက်အခဲရှိခြင်း၊ မီးငြှိမ်းသတ်ရန် ရေရှားပါးခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း အိမ်ခြေ ၁၀၀ ခန့်မီးလောင်ကျွမ်းခဲ့သည်။မီးလောင်ပြင်အတွင်းရှိ မီးလောင်ကျွမ်းဆဲ နေအိမ် ၂ လုံးအတွင်းမှ အသက် ၈၃ နှစ်အရွယ်ရှိ အဖွားဒေါ်ခင်စုနှင့် အသက် ၈၁ နှစ်အရွယ်ရှိ အဖွား ဒေါ်ထွားစိန်တို့နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်၍ မီးဘေး ကင်းလွတ်သည့် ကျေးရွာဘုန်းကြီးကျောင်းသို့ ထမ်းပိုးပို့ဆောင်ပေးခဲ့သည်။
    
ထိုကဲ့သို့ အကြမ်းဖက်သူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါကျေးရွာ ဘုရားကုန်းပေါ်ရှိ စေတီ ၂ ဆူ၊ ဇရပ် ၂ ဆောင်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ‌ ကျောင်းဆောင် ၂ ဆောင်၊ ဆောက်လက်စ ၁ ဆောင်နှင့် အိမ်ခြေ ၂၀ ခန့်မှလွဲ၍ ကျန်လူနေအိမ်ခြေအဆောက်အဦများအားလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ညနေ ၆ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့သည်။
    
ကင်းမကျေးရွာ PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် ချင်းပြည်နယ်ဘက်မှ ရောက်ရှိလာသော လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် ကင်းမကျေးရွာအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာကပါ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် NLD ပါတီကို ထောက်ခံသူများ၊ PDF များ၊ အစွန်းရောက်အကြမ်းဖက်သမားများ၊ သတင်းမီဒီယာအချို့က Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မြေပြင်ပကတိ အခြေအနေအမှန်နှင့် ဆန့်ကျင်ကာ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖော်ပြ နေကြခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။