မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အမှုဖွင့်လှစ်ခံထားရသူအား သွားရောက်ဖမ်းဆီးစဉ် ၎င်း၏ယောက်ဖဖြစ်သူမှ ဓါးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ်စဉ် ဒဏ်ရာရရှိ သေဆုံး 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အမှုဖွင့်လှစ်ခံထားရသူအား သွားရောက်ဖမ်းဆီးစဉ် ၎င်း၏ယောက်ဖဖြစ်သူမှ ဓါးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ်စဉ် ဒဏ်ရာရရှိ သေဆုံး 

နေပြည်တော်၊ မတ်လ ၁၅

နိုင်ငံတော်အတွင်း နေရာဒေသအများအပြားတွင် နိုင်ငံတည်ငြိမ်လုံခြုံရေးနှင့် အုပ်ချုပ်မှု ယန္တရားများအား ပျက်စီးအောင် နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ဆောင်ရွက်ခဲ့ကြသည့် ဦးစီးဦးဆောင် ပြုလုပ်ခဲ့သူများအား လိုအပ်သလိုအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်လှစ် ထားရှိပြီး ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မကွေးမြို့ပေါ်လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ယခင် ရက်များအတွင်း မကွေးမြို့ပေါ်လူထုအား နိုင်ငံတော်အစိုးရဆန့်ကျင်ရေးအတွက် စည်းရုံးသွေးဆောင် လှုံ့ဆော်ရာတွင် ဦးစီးဆောင်ရွက်ခဲ့သဖြင့် အမှုဖွင့်လှစ်ခံထားရသူ မကွေးမြို့၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ (၁၃)လမ်းနေ အသေးလေး(စိစစ်ဆဲ)၏ နေအိမ်သို့ ဖမ်းဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ပါသည်။ 

ထိုသို့ဝင်ရောက်ရှာဖွေရာ တရားခံဖြစ်သူ အသေးလေးမှာ နေအိမ်တွင်မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အိမ်ပေါ်သို့ ရောက်ရှိစဉ် တပ်ဖွဲ့ဝင်တစ်ဦး အား အသေးလေး၏ ယောက်ဖဖြစ်သူ ထွန်းလှအောင်(၃၅)နှစ်(စိစစ်ဆဲ)က အရက်မူးယစ် သောက်စား ထားရှိသည့်ပုံသဏ္ဍာန်ဖြင့် အရိုးအသွား (၁၃)လက်မခန့်အရှည်ရှိသည့် ဓါးဦးချွန်ဖြင့် ဝင်ရောက်ထိုးနှက် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ်စဉ် ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ 

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ထွန်းလှအောင်အား လိုအပ်သောဆေးဝါးကုသမှုများ ခံယူနိုင်ရေးအတွက် တပ်မတော်ဆေးရုံသို့ ပို့ဆောင်စဉ် နံနက် ၂ နာရီခန့်တွင် သေဆုံးသွားခဲ့သဖြင့် သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ ရဲလုပ်ငန်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။