မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ငါးခုတွင် သရက်ခရိုင်မှ တရားမဝင် သစ်များ အများဆုံး ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ငါးခရိုင်တွင် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် မတ်လအထိ တရားမဝင် သစ်ဖမ်းဆီးရမိမှု အနေဖြင့် သရက်ခရိုင်မှ အများဆုံး ဖမ်းဆီးရမိကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင်ထံမှ သိရသည်။

''မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ခိုးယူနေမှုကို အချိန်နဲ့တစ်ပြေးညီ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။

အဲဒီလိုဆောင်ရွက်နေတဲ့အတွက်    အခု ဘဏ္ဍာနှစ် ခြောက်လအတွင်း ဂန့်ဂေါခရိုင်မှ တရားမဝင်သစ် ၃၈၇ ဒသမ ၆၂၈၆ တန်၊ မကွေးခရိုင်မှ တရားမဝင်သစ် ၈၂ ဒသမ ၄၅၈၁ တန်၊ ပခုက္ကူခရိုင်မှ တရားမဝင်သစ် ၃၇၂ ဒသမ ၅၆၃၆ တန်၊ မင်းဘူးခရိုင်မှ တရားမဝင်သစ် ၃ဝ၄ ဒသမ ၈၉၄၇ တန်၊ သရက်ခရိုင်မှ တရားမဝင်သစ် ၈၄၄ ဒသမ ဝ၂၂၁ တန်ကို  ဖမ်းဆီးရမိခဲ့ပါတယ်''ဟု  တိုင်းဒေသကြီး    သစ်တောဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးဌေးမောင် ကပြောသည်။

ဖမ်းဆီးရမိသော သစ်များတွင် သရက်ခရိုင်မှ ကျွန်းသစ်လုံး ၂၉ ဒသမ ၃၄၂၂ တန်၊ ကျွန်းသစ်ခွဲသား ၄၃၅ ဒသမ ၉၇၄၁ တန်၊ သစ်မာလုံး ၃ ဒသမ ဝ၇၄ တန်၊ သစ်မာခွဲသား ၁၈၂ ဒသမ ၁၃၁၃ တန်နှင့် အခြားသစ်လုံး ၆ ဒသမ ၈၃၄၉ တန်၊ အခြားသစ်ခွဲသား ၁၈၆ ဒသမ ၆၆၅၆ တန် ဖမ်းဆီးရမိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် သစ်များအား ခိုးယူ၊သယ်ဆောင်၊ ရောင်းချနေမှုများကို သစ်တောဦးစီးဌာနက ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ တိုင်ကြားလာမှုများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များအား  ခိုးယူ၊  ခုတ်လှဲ၊  သယ်ယူရောင်းချနေမှုများကို ဖမ်းဆီးရမိရေးအတွက် ''ဒေသခံပြည်သူများ စောင့်ကြည့် သတင်းပေးစနစ်''ထူထောင်ကာ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှလည်း Network ထောင်ကာ သတင်းပေး တိုင်ကြားသူများ အဆင်ပြေစေရန်အတွက် တယ်လီဖုန်းနံပါတ်များကို ထည့်ပြီး ကြေညာပေးထားကြောင်း၊ သတင်းပေး တိုင်ကြားသူများမှ သစ်များခိုးထုတ်နေပုံ၊ သစ်များ သယ်ယူနေပုံများကို ဓာတ်ပုံရိုက်ပြီး တိုင်ကြားနိုင်သလို တယ်လီဖုန်းဖြင့်လည်း ဆက်သွယ် တိုင်ကြားနိုင်ကြောင်း မကွေးတိုင်း ဒေသကြီး သစ်တော ဦးစီးဌာနမှ သိရသည်။