မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား PDF အကြမ်းဖက် လက်နက်ကိုင်များက အကြောင်းမဲ့သတ်ဖြတ်

နေပြည်တော် ‘ သြဂုတ် ၂၀

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အဖွဲ့တို့သည် ပညာရေး အဆောက်အဦများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများကို အကြမ်းဖက် တိုက်ခိုက်ခြင်းသာမက ၎င်းတို့အဖွဲ့အစည်းအပေါ် ထောက်ခံခြင်းမရှိသည့် လက်နက်မဲ့၊ အပြစ်ကင်းသည့် ပြည်သူလူထုကိုပါ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်နေသူများသည် ရတနာသုံးပါးတွင်အပါအဝင်ဖြစ်သည့် ရဟန်းတော်များကိုပင် ကိုးကွယ်ဆည်းကပ်ရာအဖြစ် မသတ်မှတ်တော့ဘဲ အကြမ်းဖက်သတ်ဖြတ်မှုကိုပါ လုပ်ဆောင်လာကြကြောင်း တွေ့ရှိရသည်။

ထိုသို့ ကိုးကွယ်ရာ ရဟန်းတော်ကိုပင် သတ်ဖြတ်အကြမ်းဖက်မှုပြုလုပ်ခဲ့ရာတွင် သြဂုတ်လ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ သံပေါက်ကျေးရွာအုပ်စု၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမ ဘုန်းတော်ကြီးကျောင်းသို့ ဦးဂေါ်ရာ(ခ)ဦးအောင် ဦးဆောင်သည့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ဦးခန့် ရောက်ရှိလာပြီး ကျောင်းထိုင် ဆရာတော် ဥူးကောဝံသ (၇၄)နှစ်၊ ဝါတော် (၅၄)ဝါအား ၎င်းတို့၏ လုပ်ဆောင်ချက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ သတင်းများ ပေးပို့နေသည်၊ ဒလန်ဖြစ်သည်ဟုစွပ်စွဲကာ တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်  ကျောင်းထိုင် ဆရာတော် ဥူးကောဝံသတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ရကြောင်း သိရသည်။

အထက်ပါ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဆရာတော်သည် ဘာသာ၊ သာသနာ တိုးတက်စေရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် တက်ကြွစွာဆောင်ရွက်ခဲ့ သည့်အပြင် လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း မခွဲခြားဘဲ ကူညီစောင့်ရှောက်ပေးလျက်ရှိသည့်  သံဃာတော်တစ်ပါးဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်းလုံခြုံရေးနှင့်  တရား ဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရန် အဆိုပါကျေးရွာသို့ရောက်ရှိခဲ့ပြီး ၎င်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆရာတော်အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်း၏ ဝေယျာဝစ္စလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း တို့ကိုပြု လုပ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခွင့်ပေးခဲ့သည့်အတွက် ဆရာတော်အား ယခုကဲ့သို့ သတင်းပေးဒလန်အဖြစ်စွပ်စွဲ၍ သတ်ဖြတ်ခဲ့ ကြောင်း သိရှိရသည်။

အလားတူ အဆိုပါ PDF အကြမ်းဖက်အဖွဲ့သည် ဇွန်လ ၁၆ ရက်နေ့တွင် မင်းကင်းမြို့နယ်၊   ပင်တင်း(တောင်)ကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဥူးသုမင်္ဂလ၊ သက်တော် (၆၃)နှစ်၊ ဝါတော် (၄၃)ဝါကိုလည်း ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး ဖမ်းဆီး သတ်ဖြတ်ခြင်းကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သံဃာအချို့ကို ၎င်း PDF အကြမ်းဖက်အဖွဲ့များမှ လူမှုကွန်ရက်များမှတစ်ဆင့် သူလျှို၊ ဒလန်များအဖြစ် စွပ်စွဲခြင်း၊ အင်အားပြ၍ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ကြောင့် ဆရာတော်၊ သံဃာတော်များမှာ မိမိတို့၏ ကျောင်းထိုင်သည့်  ဘုန်းတော်ကြီးကျောင်း အသီးသီးတွင် ဝါတွင်းကာလ၌ ဝါဆိုဝါကပ်ခြင်း မပြုလုပ်နိုင်ဘဲ အခြားလုံခြုံစိတ်ချရသည့် မြို့/ရွာအသီးသီးသို့ တိမ်းရှောင်ဝါဆိုနေကြရကြောင်း သိရှိရသည်။

ထိုသို့ ရဟန်းသံဃာကိုပင် ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိပြီး တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖော်ထုတ်လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်စပ်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။      

      (၁၀၀)