မင်းတုန်းချောင်းတံတား(ရေနံ့သာ) တည်ဆောက်ရေး စီမံကိန်း ဘိုးပိုင်တူးခြင်း လုပ်ငန်းများ စတင်

မကွေးတိုင်းဒေသကြီး သရက်မြို့နှင့် ကံမမြို့ရှိ ရေနံ့သာကျေးရွာကို ဆက်သွယ်လျက်ရှိသည့်   မင်းတုန်းချောင်းတံတား (ရေနံ့သာ) တည်ဆောက်ရေးစီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင်  ဘိုးပိုင်တူးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းတံတားသည် မင်းတုန်းချောင်းကို ဖြတ်သန်း၍ မကွေးတိုင်းဒေသကြီး သရက်-နတ်မီးတောက်-ကံမလမ်းပေါ်၌  ဆောက်လုပ်ရေးဝန်ကြီးဌာန  တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)မှ  တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကာ တန်ဖိုးငွေ ကျပ် သန်း ၄၅ဝဝ  ခန့် လျာထား သုံးစွဲမည်ဖြစ်သည်။

ယင်းတံတား၏   ပင်မတံတားသည်  RC သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ပြီး     ရေလယ်တိုင်အုတ်မြစ်များကို အချင်း ၁ ဒသမ ၅ မီတာရှိသော သံကူကွန်ကရစ် ဘိုးပိုင်ဖြင့်  တည်ဆောက်မည် ဖြစ်ကာ တံတားခန်းဖွင့်အတွက်  ၃ဝ ဒသမ  ၅ မီတာစီပါဝင်သော ခန်းဖွင့်ကိုးခန်း၊ ၁၈ ဒသမ ၃ မီတာစီပါဝင်သော ခန်းဖွင့်ငါးခန်း နှင့် ၁၅  ဒသမ ၂၄ မီတာစီပါဝင်သော ခန်းဖွင့်နှစ်ခန်းတို့ဖြင့် တံတားခန်းဖွင့် ၁၆ ခန်း  ပါဝင်တည်ဆောက်မည်ဖြစ်သည်။  တံတားအရှည် စုစုပေါင်း  ၃၉၆ ဒသမ  ၂၂ မီတာ (ပေ  ၁၃ဝဝ )ရှိပြီး  တံတားအောက်ထည်မှာ သံကူကွန်ကရစ်ဖြစ်ကာ တံတားအပေါ်ထည်မှာ P.C Girders & Rein-forced Concrete  ဖြစ်၍ ယာဉ်သွားလမ်း အကျယ် ၇ ဒသမ ၂ မီတာရှိကာ တံတားခံနိုင်ဝန်မှာ တန် ၆ဝ ဖြစ်သည်။

''တံတားသစ် တည်ဆောက်ပြီးစီးသွားရင်တော့ ဘေလီတံတားဟောင်းကို ပြန်လည်ဖြုတ်သိမ်းမှာပါ။  သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာတွေ့ကြုံလာရင် လိုအပ်တဲ့နေရာတွေမှာ ပြန်ပြီး အသုံးပြုနိုင်အောင်  ဌာနအနေနဲ့  ပြန်လည်သိမ်းဆည်း ထားပါတယ်။   ဘေလီတံတား ခံနိုင်ဝန်ကလည်း တန် ၂ဝ ပဲရှိတာဖြစ်လို့   တံတားခံနိုင်ဝန်က ကန့်သတ်ချက်ရှိတဲ့ အတွက် တံတားသစ်ကို တည်ဆောက်ရခြင်းဖြစ်ပါတယ်''ဟု   ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဌေးအောင်ကပြောသည်။

လက်ရှိတွင် တံတားတစ်စင်းလုံး တည်ဆောက်မှု ၁၆ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီး တံတားတည်ဆောက်မှုပြီးစီးပါက   သရက်မြို့ကိုဖြတ်ကာ ရန်ကုန်-ပြည်လမ်း- တောင်ကုတ်လမ်းမှ တစ်ဆင့်   သံတွဲမြို့အထိ  သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။