မစ်ဆူဘီရှီကုမ္ပဏီက အရှေ့တောင်အာရှ၏ အကြီးဆုံးသော လေအား လျှပ်စစ်စက်ရုံကို လာအို၌ တည်ဆောက်မည်

မစ်ဆူဘီရှီကုမ္ပဏီက အရှေ့တောင်အာရှ၏ အကြီးဆုံးသော လေအား လျှပ်စစ်စက်ရုံကို လာအို၌ တည်ဆောက်မည်

ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ ကုမ္ပဏီက အရှေ့တောင်အာရှဒေသ၏ အကြီးဆုံးသော လေအားလျှပ်စစ်စက်ရုံကို လာအိုနိုင်ငံ၌ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစက်ရုံကို လာအိုနိုင်ငံတောင်ပိုင်း ဆီခေါင်နှင့် အက်တာပူး ပြည်နယ်တို့တွင် တည်ဆောက်သွားမည် ဖြစ်သည့်အတွက် ထိုစက်ရုံသည် လာအိုနိုင်ငံ အတွက်လည်း ပထမဆုံး ဖြစ်လာမည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ၆ဝဝ မဂ္ဂါဝပ် ထွက်ရှိမည့် အဆိုပါစက်ရုံ တည်ဆောက်မှုကို ဟောင်ကောင်အခြေစိုက် စွမ်းအင်ကုမ္ပဏီ က လာမည့်နှစ်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများကို ၂ဝ၂၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် စီစဉ်ထားကာ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ဗီယက်နမ် နိုင်ငံသို့ ရောင်းချသွားမည်ဖြစ်သည်။

ထိုကဲ့သို့ လေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ရသည့် ရည်ရွယ်ချက်သည် တစ်ဖက်တစ်လမ်းက စီးပွားရေးဆောင်ရွက်ချက်ကို အထောက်အပံ့ပေးစဉ် ကျန်တစ်ဖက်က ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေး အတွက်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ၎င်း၏ တိုးတက်လာသော စီးပွားရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် စွမ်းအင်များ လိုအပ်လျက် ရှိရာ အထူးသဖြင့် နွေရာသီကဲ့သို့ ခြောက်သွေ့သော ရာသီတွင် ရေအားလျှပ်စစ်က အကန့်အသတ်ရှိသောကြောင့် လေအားလျှပ်စစ်အပေါ် ပိုမိုမှီခိုလာရကြောင်း မစ်ဆူဘီရှီ ကုမ္ပဏီက ပြောသည်။

ဗီယက်နမ်လျှပ်စစ်စွမ်းအင် ကုမ္ပဏီနှင့် မစ်ဆူဘီရှီ ကုမ္ပဏီတို့ကြား ၂၅ နှစ်ကြာ လျှပ်စစ်ဓာတ်အား ဝယ်ယူမှုအတွက် တရားဝင် သဘောတူညီချက် ရရှိပြီးနောက် ယခုကဲ့သို့ လေအားလျှပ်စစ်စက်ရုံ တည်ဆောက်မည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။