မန္တလေးတိုင်းဒေသကြီး၊ ပါတ်ကုန်းဝန်းကျင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သူ များအား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပါတ်ကုန်းဝန်းကျင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သူ များအား ဖမ်းဆီးရမိ

မန္တလေး ၂၀၂၁ ဩဂုတ် ၂၁

              ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် ၇၂လမ်း၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားရှိ ပါတ်ကုန်းဝန်းကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဆွေထွန်း (၄၆)နှစ်(ဘ)ဦးဉာဏ်စိန် အား အကြမ်းဖက် သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

              အဆိုပါ ပြစ်မှုကျူးလွန်သူများအားအမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၀ ရက်နံနက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ အောင်မျိုးကျော် (ခ)သားကြီး (၃၃)နှစ် (ဘ)ဦးမွတ်တား နှင့် ဆိုင်ကယ် ဖြင့် လိုက်လံပို့ဆောင်ပေးသူ ခန့်စည်သူ(ခ)မာရှယ်(၂၁)နှစ်(ဘ)ဦးတင်အုန်း တို့အား ချမ်းမြ သာစည်မြို့နယ်၊ ၄၆ လမ်းနှင့် ၁၀၅(အေ)လမ်းထောင့်ရှိ မန်းဝေလှိုင် တည်းခိုခန်းတွင် လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်ပေးသူ ဇင်မင်းပိုင်(၂၈)နှစ်(ဘ)ဦးမင်းပိုင်အား ချမ်းအေးသာစံမြို့နယ်၊ ၂၈ လမ်းနှင့် ၂၉ လမ်း ကြား၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် သေနတ်အား ဝှက်ထားပေးသူ ဒေါ်ယဉ်မျိုးသီ (၅၀)နှစ် (ဘ)ဦးရဲမြင့် အား မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၅ လမ်း၊ ၃၅ လမ်း နှင့် ၃၆ လမ်းကြားရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ဖြစ်စဉ်တွင်အသုံးပြုခဲ့သည့် ဆိုင်ကယ် အား ဝှက်ထားပေးသူ အောင်မြင့်မြတ်ဖြိုး (၂၃)နှစ်(ဘ)ဦးရဲညွန့် အား မဟာအောင်မြေ မြို့နယ်၊ ၆၂ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားတွင် လည်းကောင်း၊ ပြစ်မှုကျူးလွန်သူ များအား တိမ်းရှောင်ရန် နေရာစီစဉ်ပေးသူ သူရိန်ထွန်း (ခ)ဘယ်ကျော် (၃၆)နှစ် (ဘ)ဦးမြင့်ဟန်အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၈၈/၁၄)၊ ၇၈လမ်းနှင့် ၇၉ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

              ဖမ်းဆီးရမိ တရားခံများနှင့်အတူ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် SIG SAUER 9mm ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည် ၂၇ တောင့်၊ ကျည်အိမ် ၂ ခု၊ ဆိုင်ကယ် ၁ စီး၊ ဒီတိုနေတာများ၊  ဆူပူဆန္ဒပြရာတွင်အသုံးပြုသည့်   ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အုပ်ချုပ်ရေးမှူးအား လုပ်ကြံ သတ်ဖြတ်ရန်စေခိုင်းသူမှာ ရတနာပုံယူနိုက်တက်ဘောလုံးအသင်း ခေါင်းဆောင် ဝင်းနိုင်စိုး (ခ) ပီချေး(ဖမ်းဆီးရန်ကျန်ရှိသူ) ဖြစ်ပြီး အုပ်ချုပ်ရေးမှူး၏ လှုပ်ရှားမှုများအား ဇင်မင်းပိုင်မှ စောင့်ကြည့်ပေးခဲ့ကြောင်း၊  အောင်မျိုးကျော်နှင့် ခန့်စည်သူ တို့နှစ်ဦး သည် အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်၍ ခရီးသွားလိုသဖြင့် ထောက်ခံစာလာလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုပြီး အောင်မျိုးကျော်က အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် သေနတ်နှင့် ဆိုင်ကယ်တို့အား ဒေါ်ယဉ်မျိုးသီနှင့် အောင်မြင့်မြတ်ဖြိုး တို့မှ ဝှက်ထားပေးပြီး သူရိန်ထွန်း စီစဉ်ပေးသည့် တည်းခိုခန်းတွင် တည်းခိုနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် တရားခံများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။