မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လူစုလူဝေးဖြစ်ပွားမှုအား ခြောက်လှန့်ပစ်ခတ်လူစုခွဲ 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လူစုလူဝေးဖြစ်ပွားမှုအား ခြောက်လှန့်ပစ်ခတ်လူစုခွဲ 

နေပြည်တော်၊ မတ်လ ၁၅

  
ဆူပူဆန္ဒပြသူ အကြမ်းဖက်လူအုပ်စုများသည် "ငါနဲ့မတူ ငါ့ရန်သူ"ဟူသော အယူအဆဖြင့် ယခင်ရန်ညှိုးရန်စရှိဖူးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် အမြင်မကြည်ခဲ့သူများ၊ နိုင်ငံရေးယုံကြည်ချက် မတူညီသူများ၊ ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာနေထိုင်လိုသူများကို "သူလျှို"၊ "ဒလန်"၊ "သတင်းပေး" အစရှိသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လူစုလူဝေးအင်အားဖြင့် ဖမ်းဆီးခြင်း၊ အကြမ်းဖက်၍ လူ့ဂုဏ်သိက္ခာ ကျဆင်းစေမည့် လုပ်ရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနေသည်ကို တွေ့ရှိရပါသည်။ 
 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ ၅၆ x ၁၂၀ လမ်းဆုံတွင် ၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူး၏ မြေးဖြစ်သူအား "တပ်မတော် သတင်းပေး" ဟု အကြောင်းပြကာ ဆူပူအကြမ်းဖက်သူလူစုလူဝေးအင်အား ၂၀၀ ဦးခန့်မှ ဖမ်းဆီး ထားရှိကြောင်း သတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ အခြေအနေအား ထိန်းသိမ်းနိုင်ရန် ၎င်းနေရာသို့ သွားရောက်ခဲ့ကြပါသည်။ 
လုံခြုံရေးအဖွဲ့များရောက်ရှိချိန်တွင် ဆူပူအကြမ်းဖက်သူ လူအုပ်စုမှ နည်းမျိုးစုံဖြင့် ရန်ပြု တိုက်ခိုက်လာကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နေ့လည် ၁ နာရီ ၅၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပါသည်။ 
 

ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူ ၆ ဦးအား ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ပြီး အမျိုးသား ၁ ဦး (စိစစ်ဆဲ)မှာ ဒဏ်ရာရရှိသေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။