မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ မီးကွင်းပစ်ခတ်၍ အဆောက်အဦ ၁ လုံး မီးလောင်ဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ မီးကွင်းပစ်ခတ်၍ အဆောက်အဦ ၁ လုံး မီးလောင်ဆုံးရှုံး

နေပြည်တော်၊ မတ်လ ၁၇

 ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် မြင်းခြံမြို့၊ အမှတ်(၁၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ကျိုက်ထီးရိုးလမ်းထောင့်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းမှ ဝါးကပ်မိုး၊ ထရံကာ အလျား ၄၀ ပေ၊ အနံ ၁၅ ပေ အကျယ်အဝန်းရှိသည့် အဆောက်အဦ ၁ လုံး မီးလောင်နေကြောင်းသိရှိရသဖြင့် မီးသတ်ယာဉ် ၆ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ရွာလူထုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိှမ်းသတ် နိုင်ခဲ့ပါသည်။

ဖော်ပြပါဖြစ်စဉ်အား စိစစ်ခဲ့ရာ မီးမလောင်မီအချိန်တွင် ဆိုင်ကယ်(၁)စီးနှင့် လူ(၂)ဦးသည် ၎င်းစာသင်ကျောင်း၏ အနီးပတ်ဝန်းကျင်သို့ ရောက်ရှိလာပြီး ၎င်းတို့လက်တွင်ကိုင်ဆောင်လာသော မီးကွင်းနှင့် ဓာတ်ဆီပုံးများအား မီးရှို့၍ ကျောင်းဝင်းအတွင်းသို့ ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဝေးမှ ခြောက်လှန့်ပစ်ခတ်ခဲ့ပါသည်။

အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်နေသူများအနေဖြင့် မီးကွင်းပစ်ခတ်၍မီးရှို့ခြင်း၊ အဖျက်အမှောက် လုပ်ရပ်များကို ပြည်သူလူထုအား မထောက်ထားမညှာတာဘဲ လုပ်ဆောင်နေမှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အထူးသတိပြုကာ ထိရောက်စွာတားဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။