မန္တလေးမြို့အတွင်း PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

မန္တလေးမြို့အတွင်း PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၁

                 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၃၁ ရက်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး၌ PDF အဖွဲ့ဝင်များအား တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများအတွင်းသို့ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် အတွက် စေလွှတ် လျက်ရှိသူ ဇော်နိုး နှင့် စိုးသူဝင်း တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ ဆက်စပ်တရားခံများ ဖြစ်သော ထက်ပိုင်ကျော်၊ ရဲရင့်သူ၊ ကျော်ဇင်သောင်း(ခ)ပီလီ၊ အောင်ဇင်ဟိန်းနှင့် ဝါဝါထက် တို့   ၅ ဦးကို ဩဂုတ်လ ၁ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

              ဖမ်းဆီးရမိ ကျော်ဇင်သောင်း(ခ)ပီလီ ၏ ထွက်ဆိုချက်အရ မဟာအောင်မြေ မြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၌ မဟာအောင်မြေမြို့နယ် PDF အဖွဲ့ ခေါင်းဆောင် ဖြစ်သူ ထက်နောင်ဝင်း ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အေးချမ်းသာ ကျောင်းတိုက်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ချေမှုန်းရေးရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ၎င်းကျည် ၂၀၉ တောင့်၊ MG 1 လက်ပစ်ဗုံး ၁ လုံး၊ ပြောက်ကျား အီကွေ့မင့် ၁ စုံကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၌ စိုးပြည့်အောင်ဗိုလ်ဗိုလ်မြင့်သူ(ခ)ဗိုလ်ဗိုလ်အောင်မင်းထက်ဇူးဇူး(ခ) ဆုစန္ဒီဇော် တို့ ၄ ဦးကို လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

              ဖမ်းဆီးရမိသူဝါဝါထက်၏ ထွက်ဆိုချက်အရ ၎င်းထံမှ လက်လုပ်ဗုံးများ ယူဆောင်၍ ပြင်ဦးလွင်မြို့နယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသူ အောင်ကျော်သိန်း(ခ)နောင်နောင် ကို ဩဂုတ်လ ၂ ရက်တွင် ပြင်ဦးလွင်မြို့၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

              ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဖြစ်စဉ်နှင့် ဆက်စပ်သူများဖြစ်သည့် သီဟဝင်း(ခ)ကိုသီကို  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၇)၌ လည်းကောင်း၊ သက်ဇော်ထွန်း (ခ)သက်ဇော် ကို ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၌ လည်းကောင်း၊ မြတ်မင်းစိုး (ခ)အာလူးမင်းချစ်ဇော်နှင့် မမေမြတ်နိုး တို့ ၃ ဦးကို လက်လုပ်ဂက်စ်သေနတ် ၁ လက်၊ ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊ 91 လက်ပစ်ဗုံး ၃ လုံး၊ ချိန်ကိုက်မိုင်းပြုလုပ်ရန် Keypad ဖုန်း ၁ လုံး၊ လက်လုပ်ဗုံးပြုလုပ်ရန် သံပိုက် ၄၀ လုံး တို့နှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက်ကျေးရွာအနီး၌ လည်းကောင်း ဩဂုတ်လ ၅ ရက်တွင် အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သည်။

              ဖမ်းဆီးရမိသူ သက်ဇော်ထွန်း(ခ)သက်ဇော် ၏ ထွက်ဆိုချက်အရ ဆက်စပ် သူများဖြစ်သည့် ဘိုဘိုအောင်(ခ)ဘိုဘို နှင့် အောင်သူဟိန်း တို့ကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၌ လည်းကောင်း၊ ပိုင်ဝဏ္ဏ ကို ရေငယ်ရွာ၌ လည်းကောင်း ဩဂုတ်လ ၁၁ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ဝိုင်းဝိုင်းလင်းထက်(ခ)ဝိုင်းဝိုင်းနှင့် ထွဋ်စစ်မှူးလွင်(ခ)ထွဋ်စစ် တို့ကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၌ ဩဂုတ်လ ၁၄ ရက်တွင် အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

              ဇော်နိုး၏ ထွက်ဆိုချက်အရ ၎င်းအနေဖြင့် မဟာအောင်မြေမြို့နယ်၊ NLD ပါတီဝင် ရဲမင်းဇော် နှင့် NUG ကာကွယ်ရေးဝန်ကြီး ရည်မွန် တို့နှင့် ချိတ်ဆက်၍ မန္တလေးတိုင်း အတွင်းမှ လူငယ်များအား KIA နယ်မြေအတွင်း ဖောက်ခွဲရေးသင်တန်း တက်ရောက် ရန်နှင့် အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်သူများအား စုဆောင်းစေလွှတ်သူ ဖြစ်ကြောင်း၊ အဆိုပါလိုင်ဇာအနီး၌ ဖွင့်လှစ်ခဲ့သောဖောက်ခွဲရေးသင်တန်းတွင် ဇော်နိုး၊ စိုးသူဝင်း၊ ထက်နောင်ဝင်းနှင့် ထွဋ်စစ်မှူးလွင် တို့တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

              ထက်နောင်ဝင်းသည် KIA အဖွဲ့မှ ဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ပြီး သင်တန်းဆင်းချိန်တွင် အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန် ရည်ရွယ်၍ လက်နက်/ခဲယမ်းများ သယ်ဆောင်လာခဲ့ပြီး သိမ်းဆည်းထားရှိကာ အဖျက် လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။

              အကြမ်းဖက်နှင့် ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီးသူများ ဖြစ်သော ၂၀၁၅ ခုနှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း NLD ပါတီဝင် ကျော်စိုးလင်းနှင့် ၂၀၁၅ ခုနှစ်၊ ကောလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း NLD ပါတီဝင် မျိုးဇော်အောင် တို့က သင်တန်းဆင်းသူများအား မြို့နယ်အသီးသီးသို့ ပြန်လည်ရောက်ရှိပါက အစိုးရယန္တရား လည်ပတ်မှုမရှိစေရေး၊ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုမရှိစေရေးနှင့် ဒလန်များအားရှင်းလင်းရေးတို့အတွက် အဓိကလုပ်ဆောင်သွားရန် စီစဉ်မှာကြားမှုများပြုလုပ်ခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။

              ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မေလ ၁၉ ရက်တွင် မင်းချစ်ဇော်၊ သက်ဇော်ထွန်း(ခ)ငသက်၊ မြတ်မင်းစိုး(ခ)အာလူး၊ ဝိုင်းဝိုင်းလင်းထက်နှင့် ပိုင်ဝဏ္ဏ တို့သည် နောင်ချိုမြို့နယ်၊ ပန်ဝိုးလေးကျေးရွာအနီးရှိ TNLA သင်တန်းတွင် ဖောက်ခွဲရေး သင်တန်းကို အခြားသင်တန်းသားများနှင့် အတူတက်ရောက်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ ဇော်နိုးဦးဆောင်၍ စဉ့်ကူးမြို့နယ်အတွင်း ဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်းကို အောင်ဇင်ဟိန်း၊ စိုးပြည့်အောင်နှင့် ဗိုလ်ဗိုလ်မြင့်သူ တို့ တက်ရောက်ခဲ့ကြောင်း၊ စိုးပြည့်အောင်သည် ဖောက်ခွဲမှုများဆောင်ရွက်ရန် လက်ပစ်ဗုံးများအား သယ်ဆောင် ရောင်းချမှုများ ပြုလုပ်ခဲ့ပြီး လက်နက်ရောင်းဝယ်မှုများတွင်လည်း ပါဝင်ပတ်သက် ခဲ့ကြောင်း၊ ဇော်နိုးသည် ကျော်ဇင်သောင်း၊ ထွန်းတောက်နိုင်၊ မိုးတိမ်၊ တင်မောင်ထွေး (ဖမ်းဆီးရန်ကျန်) တို့နှင့်အတူ မန္တလေးမြို့အတွင်း အဖျက်လုပ်ငန်းများ လုပ်ဆောင် နိုင်ရေး ဦးဆောင်စီစဉ်ခဲ့မှုများတွင် ပါဝင်ခဲ့ကြောင်း၊ ဇော်နိုးသည် တိမ်းရှောင်လျက် ရှိသည့် တင်မောင်ထွေး၊ မျိုးမင်းတို့နှင့်အတူ TNLA သောင်းကျန်းသူများထံမှ လက်ပစ်ဗုံး ၂၅၀ လုံးအား သွားရောက်ယူဆောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ၎င်းသည် KIA အဖွဲ့စေခိုင်းမှုဖြင့် အစိုးရအဆောက်အဦများနှင့် လူစည်ကားရာ နေရာ များအား ဖောက်ခွဲဖျက်ဆီးရန် စီစဉ်နေသူဖြစ်ကြောင်း၊ ဒလန်ရှင်းလင်းရေးအတွက် လက်နက်ငှားရမ်းမှုများ ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ဇွန်လတွင် ပုသိမ်ကြီး မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင်လည်း တိမ်းရှောင်လျက်ရှိသည့် ဝေစိုးနှင့်အတူပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။

              ထို့ပြင် အောင်ကျော်သိန်း(ခ)နောင်နောင် နှင့် သက်ဇော်ထွန်း(ခ)ငသက် တို့သည် ဧပြီလ ၂၀ ရက်တွင် အနီးစခန်းရဲကင်းနှင့် ဇွန်လ ၁၂ ရက်တွင် ရပ်ကွက်ကြီး (၅)၊ ပြည်တော်သာလမ်းထိပ်၊ ရပ်ကွက်ရုံးတို့ကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ရာတွင် ပူးပေါင်းပါဝင်ကျူးလွန်ထားသူများ ဖြစ်ကြောင်း၊ မြတ်မင်းစိုးသည်ဇူလိုင်လ ၁၈ ရက်တွင် တပ်မတော်နည်းပညာတက္ကသိုလ်အနီး၌ လက်လုပ်မိုင်းဖောက်ခွဲမှုတွင် ပူးပေါင်းပါဝင် ကျူးလွန်သူများဖြစ်ကြောင်းဖော်ထုတ်သိရှိရသည်။

              ဖမ်းဆီးရမိသူ ကျော်ဇင်သောင်း၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် မန္တလေးမြို့၊ ၆၂ လမ်းတွင်ရှိသော အထွေထွေရောဂါကုဆေးရုံကြီးရှေ့တွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး ဗဟိုအမျိုးသမီးဆေးရုံတွင်လည်း ထပ်မံဖောက်ခွဲရန် စီစဉ်ထားကြောင်း၊ ဝါဝါထက် နှင့် ထက်ပိုင်ကျော် တို့သည် ချမ်းအေးသာစံမြို့နယ်ရှိ ၈၆ လမ်းနေအိမ်တွင် မီးပုလင်း ၁၀၀ လုံးနှင့် လက်လုပ်မိုင်း ၅၀ လုံး တို့ကိုပြုလုပ်ခြင်း၊ CRPH အဖွဲ့နှင့် ချိတ်ဆက်၍ လက်လုပ်မိုင်း ၈၀ လုံးကို မှာယူပြီး ဖောက်ခွဲရေးဆောင်ရွက်ရန်အတွက် ပြန်လည်ဖြန့်ခွဲပေးခြင်းတို့ကို ပြုလုပ်ရာတွင်ပါဝင်ခဲ့ကြောင်း၊ ဝါဝါထက်သည် တိမ်းရှောင်လျက်ရှိသည့် နွယ်နီလှိုင် နှင့်အတူ ဧပြီလ(တတိယပတ်)အတွင်း အောင်မြေသာစံ မြို့နယ်၊ ကညနရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်၌ ၎င်းတို့ကိုယ်တိုင် ဗုံးဖောက်ခွဲရန် ပြုလုပ်စဉ် ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။                   

              ဖမ်းဆီးရမိသူ အောင်မင်းထက်၏ ထွက်ဆိုချက်အရ မေလ ၂၉ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ အထက(၂၇) စာသင်ကျောင်း၊ ပညာရေးမှူးရုံးနှင့် (ဈ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို ဖောက်ခွဲရန်အတွက် ထွက်ပြေးတိမ်းရှောင်နေသူ မျိုးသီဟနှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။      

              သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့် လုပ်ငန်းများလုပ်ဆောင်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကိုတိုက်ခိုက်ရန်လုပ်ဆောင်မည့် ဇော်နိုး အပါအဝင် မန္တလေးမြို့အတွင်းမှ PDF အဖွဲ့ဝင်စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် ၁ လက်၊ လက်လုပ်ဂက်စ်သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၉ တောင့်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊ 91 လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်း     ၁ လုံး၊ လက်လုပ်မိုင်း ပြုလုပ်ရန် သံပိုက် ၄၀ လုံး၊  ဆက်စပ်ပစ္စည်းများနှင့် ဆန္ဒပြ ခုခံပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကာ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင် ပါကြောင်းနှင့် မြို့/ရွာများ အမြန်ဆုံးတည်ငြိမ်းအေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။