မန္တလေးမြို့၊ ၈၄ လမ်းနှင့် ၃၀ လမ်း၊ အဓိကရုဏ်းဖြစ်စဉ်တွင် မကြယ်စင် (ခ) မကျားရှီ၊ (၁၉)နှစ် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်သည့်  သတင်းထုတ်ပြန်ခြင်း

မန္တလေးမြို့၊ ၈၄ လမ်းနှင့် ၃၀ လမ်း၊ အဓိကရုဏ်းဖြစ်စဉ်တွင် မကြယ်စင် (ခ) မကျားရှီ၊ (၁၉)နှစ် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်သည့်  သတင်းထုတ်ပြန်ခြင်း
    
၂၀၂၁ ခုနှစ်၊မတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနှင့် လမ်း ၃၀ လမ်းမပေါ်၌ လူစုလူဝေးဖြင့်ပိတ်ဆို့ဆန္ဒပြနေသည့် လူအုပ်စုအား တာဝန်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲပေးရန် အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့သော်လည်း ဆူပူဆန္ဒပြသူများ သည် လူစုခွဲခြင်းမပြုသည့်အပြင် အကြမ်းဖက်ရုန်းရင်းဆန်ခတ်မှုများကိုပါ ပြုလုပ်လာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် လူစုခွဲမှုကို ဆောင်ရွက်ခဲ့ပါသည်။ 
    
အဆိုပါ လူစုလူဝေးဖြင့် အကြမ်းဖက်ရုန်းရင်းဆန်ခတ်မှုပြုလုပ်စဉ်အတွင်း အမျိုးသမီးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေမှုသေခင်း ရေးဖွင့်ပြီး စုံစမ်းစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့သော်လည်း သေဆုံးသူနှင့် သက်ဆိုင်သူများက အလောင်းကို စစ်ဆေးခွင့်မပြုခဲ့ဘဲ ၎င်းတို့၏ သဘောအလျောက် ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း သိရှိရ ပါသည်။ 
    
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေဆုံးမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးနိုင်ရေးအတွက် သေဆုံးသူ၏ အလောင်းအား ဆရာဝန်ဖြင့် ခွဲစိတ်စစ်ဆေးရန်လိုအပ်သဖြင့် သေဆုံးသူ၏ ဖခင်ထံ ခွင့်ပြုချက်တောင်းခံပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတရားသူကြီး၊ ဆေးဘက်ဆိုင်ရာဆရာဝန်များသည် သက်သေများနှင့်အတူ တရားသူကြီး၏ ခွင့်ပြုမိန့်ဖြင့် သေဆုံးသူ၏အလောင်းအား အုတ်ဂူမှ ပြန်လည်တူးဖော်၍ အသေးစိတ်ခွဲစိတ် စစ်ဆေးခဲ့ရာ ရရှိခဲ့သောဒဏ်ရာမှာ ဦးခေါင်းဝဲဘက် နားရွက်နောက်မှ ဖောက်ဝင်ခြင်းဖြစ်ပြီး ဦးနှောက် အတွင်းကပ်နေသည့် အလျား ၁.၂ စင်တီမီတာ၊ အနံ ၀.၇ စင်တီမီတာခန့် အရွယ်အစားရှိ ခဲသတ္ထု အစိတ်အပိုင်းတစ်ခုကို တွေ့ရှိရပြီး ယင်းတွေ့ရှိရသည့် ခဲသတ္ထုအစိတ်အပိုင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ကိုင်ဆောင်အသုံးပြုနေသည့် အဓိကရုဏ်းနှိမ်နင်းရေးခဲယမ်းများ၊ ချေမှုန်းရေးခဲယမ်းများ၏ ကျည်ထိပ်ဖူး နှင့် ကွာခြားမှုရှိနေကြောင်း တွေ့ရှိရပါသည်။
     
အခင်းဖြစ်ပွားချိန်က တာဝန်ကျလုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် လူစုလူဝေးနှင့် မျက်နှာခြင်းဆိုင် အနေအထား၌ နေရာယူထားခြင်းဖြစ်သော်လည်း သေဆုံးသူအမျိုးသမီးဦးခေါင်း၌ ရရှိထားသည့် ဒဏ်ရာမှာ ဦးခေါင်းနောက်စေ့တွင်ဖြစ်ခြင်း၊ တွေ့ရှိရသည့် သတ္ထုအစိတ်အပိုင်းမှာ ဒသမ ၃၈ ကျည် ဖြင့် ထည့်သွင်းပစ်ခတ်နိုင်သော ပွိုင့်တာသေနတ်ဖြင့် ပစ်ခတ်နိုင်သည့် ခဲယမ်းအမျိုးအစားဖြစ်သည် ကို တွေ့ရှိရခြင်းကြောင့် တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ပဋိပက္ခပိုမိုကြီးထွား လာစေရန် လုပ်ကြံဖန်တီးမှုဖြစ်နိုင်ကြောင်း သုံးသပ်ရရှိ၍ နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက် နေသူများအား ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။