မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့်အဖွဲ့များက သီးခြားမှာယူထားသည့် ကိုဗစ်-၁၉ SINOPHARM ကာကွယ်ဆေးများ ရောက်ရှိလာပါက ထိုးနှံနိုင်ရေးညှိနှိုင်း

နေပြည်တော်  သြဂုတ်  ၈

မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းမှတစ်ဆင့် မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့်အဖွဲ့များက သီးခြားမှာယူထား သည့် ကိုဗစ်-၁၉ SINOPHARM  ကာကွယ်ဆေးများရောက်ရှိလာပါက ထိုးနှံ နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး   နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့်အဖွဲ့များက မှာယူထား သည့် ကာကွယ်ဆေးများ မန္တလေးမြို့တွင် ထိုးနှံခွင့်ရရှိရေး တိုင်းဒေသကြီးအစိုးရ၏ဆောင်ရွက်ပေးခဲ့မှုများကို   ရှင်းလင်းဆွေးနွေးပြီး    ဆေးဝါးများ ရောက်ရှိလာပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ ငွေကြေးမူဝါဒတိတိကျကျ သတ်မှတ်ရေး၊ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်ရေးများလိုအပ်ကြောင်း၊ ငွေကြေးတတ်နိုင်သူများအတွက် ကိုယ်ထူကိုယ်ထ ဆေးထိုး နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်မှစီစဉ်ပေးနေသော အခမဲ့ကာကွယ်ဆေးများကို    ဝန်ထမ်းများနှင့် သာမန်ပြည်သူများကို     ပိုမိုထိုးပေးနိုင်ပြီး ၎င်းတို့၏ အသက်ကိုကယ်တင်ပေးရာရောက်ကြောင်း ရည်မှန်းချက်ကာလအမီ ကာကွယ်ဆေးအားလုံးထိုး နိုင်ရေးကို အထောက်အကူပြုပါကြောင်း ဆွေးနွေးသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရန်ကုန်တရုတ်ကုန်သည်ကြီးများအသင်းမှ တစ်ဆင့်မှာယူ၍ရောက်ရှိလာပါက မန္တလေး မြို့ရှိပြည်သူများကို လူမျိုး၊ ဘာသာမခွဲခြားဘဲသတ်မှတ်နှုန်းထားဖြင့် ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများထိုးနှံလိုပါက လမ်း ၈၀၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လမ်း ၃၀၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ဖူကျန့်ဗုဒ္ဓဘာသာဘုရားကျောင်း၊ ၅၅ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားရှိ   အင်းဝကိုယ်ပိုင်ကျောင်းများသို့ ဆက်သွယ်နိုင်ကြောင်းနှင့်  ကာကွယ်ဆေးအတွက် ပြန်လည်ရရှိငွေမှပိုငွေများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင်  လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။          

      (သတင်းစဉ်)