မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မက်ဆီကို ခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြီးနောက် ပီအက်စ်ဂျီအသင်းသို့သာ ပြောင်းရွှေ့ကစားရန်နီးစပ်နေ

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မက်ဆီကို ခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြီးနောက် ပီအက်စ်ဂျီအသင်းသို့သာ ပြောင်းရွှေ့ကစားရန်နီးစပ်နေ

မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲခဲ့ပြီး ကလပ်အသင်း လက်မဲ့ ဖြစ်နေသည့် မက်ဆီကို ခေါ်ယူမည်မဟုတ်ဟု အတည်ပြုပြောကြားခဲ့ပြီးနောက် မက်ဆီအနေဖြင့် ပီအက်စ်ဂျီအသင်းသို့သာ ပြောင်းရွှေ့ကစားရန် နီးစပ်လျက်ရှိကြောင်း    သိရသည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့် ဇွန် ၃၀ ရက်က စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အစောပိုင်းက ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အနီးစပ်ဆုံး အနေအထားတွင် ရောက်ရှိခဲ့သော်လည်း   စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေး ကန့်သတ်မှုများကြောင့်   ဘာစီလိုနာ အသင်းအနေဖြင့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိတော့ဘဲ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အစောပိုင်းကတည်းက ဘာစီလိုနာအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် မက်ဆီကို မန်စီးတီးအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့က အပြိုင်ကမ်းလှမ်း ရန်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မန်စီးတီးအသင်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အက်စ်တွန် ဗီလာအသင်းမှ တိုက်စစ်မှူး ဂရီးလစ်ရှ်ကိုခေါ်ယူခဲ့ပြီးနောက်    မက်ဆီကိုခေါ်ယူမည့် အစီအစဉ်ကို နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။

နည်းပြဂွါဒီယိုလာက “ကျွန်တော်တို့အသင်းစီမံကိန်းအတွက် ဂရီးလစ်ရှ်ကို  ခေါ်ယူပြီးပါပြီ။ ကျွန်တော်တို့အတွက် မက်ဆီကိုခေါ်ယူဖို့အစီအစဉ်မရှိတော့ပါဘူး” ဟု ပြောသည်။

လက်ရှိတွင် မက်ဆီအနေဖြင့် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားရန် တရားဝင် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး လာမည့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ ဖြစ်မြောက် လာရန်  နီးစပ်လျက်ရှိကြောင်း သိရသည်။

Ref:90Min