မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ခုနစ်ပတ်ခန့် အနားယူရဖွယ်ရှိနေ

လန်ဒန်၊ ဘောလုံး

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ခုနစ်ပတ်ခန့်အထိအနားယူရဖွယ်ရှိကြောင်း သိရသည်။ အသက် ၃၀ အရွယ် ဒီဘရိုင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်မန်စီးတီးအသင်းနှင့်  ချယ်လ်ဆီးအသင်းတို့  ကစားခဲ့သည့်ပွဲစဉ်၌ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒီဘရိုင်းသည်  ဒဏ်ရာရရှိနေသော်လည်း  ယူရို ၂၀၂၀ ပြိုင်ပွဲ၌ ဘယ်လ်ဂျီယံအသင်းတွင် ပါဝင်ကစားခဲ့သည်။ ၁၆ သင်း ရှုံးထွက် အဆင့်ပွဲစဉ်အဖြစ် ကစားသည့် ပေါ်တူဂီအသင်းနှင့်ပွဲစဉ်တွင်  ထပ်မံဒဏ်ရာရရှိခဲ့သောကြောင့် ဆက်လက်ကစားနိုင်ခြင်းမရှိဘဲ လူစားလဲထွက်ခဲ့ရပြီးနောက်ပိုင်း လက်ရှိအချိန်ထိ  ပြန်လည်သက်သာခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိ   ဒီဘရိုင်း၏ဒဏ်ရာမှာ   သက်သာခြင်းမရှိသေးသည့်အတွက် စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ သွားရောက်ကာ ဆေးစစ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဒီဘရိုင်းအနေဖြင့် ဒဏ်ရာအမြန်ဆုံးပြန်လည်သက်သာစေရန် ခွဲစိတ်ကုသမှုပင်   ခံယူရဖွယ်ရှိသည့် အနေအထားတွင်ရှိနေပြီး ခွဲစိတ်ကုသမှုခံယူရမည်ဆိုပါက ပြန်လည်ကြံ့ခိုင်မှုပြည့်ဝရန် အနည်းဆုံး ခုနစ်ပတ်ခန့် အထိ  အနားယူရဖွယ်ရှိသောကြောင့်  ရာသီဝက်ခန့်  အနားယူရဖွယ်ရှိနေကြောင်း သိရသည်။                   

Ref;90Min