မန်စီးတီးအသင်း အဖွင့်ပွဲစဉ်၌ တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် ရှုံးပွဲကြုံရသည့်အတွက် ယခုရက်ပိုင်းအတွင်း ဟယ်ရီကိန်းကို အပြီးသတ်ခေါ်ယူနိုင်ရန်ကြိုးပမ်းလာ

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်၌ စပါးအသင်းကို  ရှုံးနိမ့်ပြီးနောက် လိုအပ်ချက်များရှိနေ သည့်တိုက်စစ်ပိုင်းအတွက်  ယခုရက်ပိုင်းအတွင်း စပါး အသင်းမှ ဟယ်ရီကိန်းကို အပြီးသတ်ခေါ်ယူနိုင်ရန် ကြိုးပမ်းလာဖွယ်ရှိကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်၌ အသင်းကွင်းလယ်ပိုင်းတွင် စတာလင်ပေါင် သန်း ၁၀၀  ဖြင့်ခေါ်ယူထားသည့် ဂရီးလစ်ရှ်ပါဝင်လာပြီးနောက် ကွင်းလယ်ပိုင်း ကစားပုံကောင်းမွန်ခဲ့သော်လည်း တိုက်စစ်ပိုင်းတွင် စတာလင်း၊ မာရက်နှင့် တောရက်တို့ ဂိုးသွင်းယူရန်ရုန်းကန်ခဲ့ရသည်။

မန်စီးတီးအသင်းသည် စပါးအသင်းနှင့် ပွဲစဉ်မတိုင်မီ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအဖြစ်ကစားသည့် လက်စတာအသင်းနှင့် ပွဲစဉ်၌လည်း   အသင်းတိုက် စစ်ပိုင်းမှ   ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သကဲ့သို့    စပါး အသင်းနှင့်ပွဲစဉ်၌လည်း   ထပ်မံရုန်းကန်နေရခြင်း ဖြစ်သည်။

မန်စီးတီးအသင်းမှ အဂူရိုထွက်ခွာသွားပြီးနောက် လက်ရှိအချိန်ထိ အထောင်တိုက်စစ်မှူး ခေါ်ယူနိုင်ခြင်း မရှိသေးဘဲ နည်းပြ  ဂွါဒီယိုလာက ဟယ်ရီကိန်းကို ခေါ်ယူရန်  အစောပိုင်းကတည်းက ကြိုးပမ်းနေခြင်း ဖြစ်ပြီး စပါးအသင်းက လက်ခံဆွေးနွေးခြင်း မပြုသည့် အတွက် အပြောင်းအရွှေ့ကြန့်ကြာနေခြင်းဖြစ်သည်။

ဟယ်ရီကိန်းကိုယ်တိုင်ကလည်း အစောပိုင်းကတည်းက မန်စီးတီးအသင်းသို့ပြောင်းရွှေ့ကစားရန် တရားဝင်တောင်းဆိုထားပြီး   မန်စီးတီးအသင်းနှင့် ကစားသောပွဲစဉ်၌လည်း အသင်းကစားသမားစာရင်းတွင်မပါဝင်ခဲ့သည့်အတွက် မန်စီးတီးအသင်းသို့ပြောင်း ရွှေ့ကစားရန် ပိုမိုနီးစပ်နေခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် တိုက်စစ်ပိုင်းတွင် မဖြစ်မနေအင်အားဖြည့်တင်းရမည့် အခြေအနေများကြောင့် အစောပိုင်းကတည်းက စပါးအသင်းတောင်းဆိုထားသည့် စတာလင်ပေါင် သန်း ၁၅၀ ဖြင့်ကမ်းလှမ်းရန် ပြင်ဆင်နေပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ် ခေါ်ယူရန် ကြိုးပမ်းလာဖွယ်ရှိကြောင်း သိရသည်။                          

  Ref;Sky Sports