မန်ယူကစားသမားများ အနေဖြင့် နည်းပြဆိုးလ်ရှားကိုလည်း ရာထူးမှပြုတ်ရန် ကိုင်လှုပ်နေသူများ ဖြစ်သည်ဟု ရွိုင်းကိန်းဝေဖန်

ပြီးခဲ့သည့် သီတင်းပတ်ကုန်က မန်ယူအသင်း သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး ရှုံးပွဲအဖြစ်   စပါးကို ၆ ဂိုး-၁ ဂိုးဖြင့်  ရှုံးနိမ့်ခဲ့ရာ  မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်းကိန်းက လက်ရှိမန်ယူအသင်းကစားသမားများ သည် ခြေစွမ်းပိုင်း ဆိုးရွားနေမှုများကို ပြုပြင်နိုင်ခြင်း မရှိပါက နည်းပြဆိုးလ်ရှား၏ ရာထူးသည်လည်း ပြုတ်သွားရမည်သာဖြစ်ကြောင်း၊ လက်ရှိ မန်ယူကစားသမားများသည် ကြွားဝါလိမ်ညာနေပြီး ယခင်မန်ယူနည်းပြများကို ဖြုတ်ပစ်သကဲ့သို့  ဆိုးလ်ရှားကိုလည်း  ရာထူးမှပြုတ်ရန် ကိုင်လှုပ်နေသူများ ဖြစ်သည်ဟု  ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ မန်ယူအသင်းခေါင်းဆောင်အဖြစ် အောင်မြင်စွာ ကစားခဲ့သည့် ရွိုင်းကိန်းက လက်ရှိမန်ယူကစားသမားများသည် မော်ရင်ဟိုကို အိုးထရက်ဖို့ဒ်မှ စွန့်ခွာရစေရန် လုပ်ဆောင်ခဲ့သည့်ပုံစံမျိုးဖြင့် ဆိုးလ်ရှား၏ နည်းပြရာထူးကိုလည်း ကိုင်လှုပ်နေသူများ ဖြစ်သည်ဟု ထင်မြင်ယူဆနေသည်။ အိုင်တီဗီရုပ်သံနှင့်  အောက်တိုဘာ ၈ ရက်က  တင်ဆက်ပြောဆိုမှုတွင် ရွိုင်းကိန်းက  စပါးနဲ့ပွဲမှာ မန်ယူအသင်းစွမ်းဆောင်ရည်ကတော့ တော်တော့်ကို ဂုဏ်သိက္ခာ ကျဆင်းစရာ ခြေစွမ်းမျိုးပါ။ အသင်းမှာ ဟန်ဆောင်ကြွားဝါနေတဲ့ ကစားသမားတွေ အများကြီး ရှိတယ်။ ဒီကစားသမားတွေက ဆိုးလ်ရှားရာထူးကို စတေးကြလိမ့်မယ်ဟု ဝေဖန်ခဲ့သည်။

 Ref:Dailymail