မန်ယူအသင်းတွင် ပွဲထွက်ကစားသမား အဖြစ်ပါဝင်ခွင့် ရရှိရေး အချိန်ယူ စောင့်ဆိုင်းမည်ဖြစ်ကြောင်း လူငယ်ကစားသမား ဒီရယ်လိုဖွင့်ဟ

မန်ယူအသင်း လူငယ်ကစားသမား  ဒီရယ်လိုက အသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိရန်  အချိန်ယူ စောင့်ဆိုင်းမည်ဖြစ်ကြောင်း   မန်ချက်စတာ   ညနေခင်း သတင်းဌာနနှင့် အင်တာဗျူး အစီအစဉ်တွင် ပြောကြားခဲ့သည်။

အသက် ၁၈ နှစ်သာရှိသေးသည့်   ဒီရယ်လိုသည် ပြီးခဲ့သည့်  နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလက   အတ္တလန္တာအသင်းမှ ပြောင်းရွှေ့ခဲ့သော်လည်း ဇန်နဝါရီလကမှ အသင်းနှင့် ပူးပေါင်းနိုင်ခဲ့သူဖြစ်သည်။

နည်းပြဆိုးလ်ရှား၏  ယုံကြည်မှုနှင့်အတူ  မန်ယူ အသင်းကို ခေါ်ဆောင်ခြင်း ခံခဲ့ရသည့် ဒီရယ်လိုသည် ဥရောပတွင် တောက်ပလာနိုင်သည့် ကြယ်ပွင့်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့သည့်   ဘောလုံးရာသီက   မန်ယူအသင်းနှင့်အတူ ငါးပွဲ ပါဝင်ကစားခွင့် ရရှိကာ တစ်ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။

ဒီရယ်လိုက ''ကျွန်တော် မန်ယူလိုအသင်းမျိုးမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့ ဘယ်လိုတွေ စွမ်းဆောင်ပြနိုင်ရမလဲ ဆိုတာသိပါတယ်။ အသင်းမှာ  ပွဲထွက်ခွင့်ရရှိဖို့ အချိန်ပေးပြီး စောင့်ဆိုင်း ရမယ်ဆိုတာလည်း နားလည်ပါတယ်။  ကျွန်တော့်ဘက်က  ပွဲထွက်ဖို့ အခွင့်အရေး ရတဲ့အချိန်မှာ အသင့်ဖြစ်နေအောင်  ပြင်ဆင်သွားမှာပါ။ နည်းပြဆိုးလ်ရှားရဲ့စကားကိုလည်း နားထောင်ပြီး အကောင်းဆုံးကြိုးစားမှာပါ။  အသင်းမှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး အဓိက ကစားသမားတစ်ဦး အဖြစ် ရပ်တည်နိုင်အောင် အချိန်တိုင်း လေ့ကျင့်ပြီး ကြိုးစားနေပါတယ်''ဟု ပြောသည်။

Ref;MUTD.Com