မန်ယူအသင်းသို့ ပြောင်းရွှေ့လာသည့် တိုက်စစ်မှူး စီရော်နယ်ဒိုကို ကျောနံပါတ်(၇)ဖြင့် ပရီးမီးယားလိဂ်  ဘောလုံးအဖွဲ့ချုပ်ဖော်ပြထား

မန်ယူအသင်းသို့ ပြောင်းရွှေ့လာသည့် တိုက်စစ်မှူး စီရော်နယ်ဒိုကို ကျောနံပါတ်(၇)ဖြင့် ပရီးမီးယားလိဂ်  ဘောလုံးအဖွဲ့ချုပ်ဖော်ပြထား

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် မန်ယူအသင်းမှ ကာဗာနီနှင့် စီရော်နယ်ဒိုတို့နှစ်ဦးစလုံးကို ကျောနံပါတ်(၇)ဖြင့်ဖော်ပြခဲ့ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် သြဂုတ် ၂၇ ရက်က ဂျူဗင်တပ်စ်အသင်းမှ အသင်းဟောင်း မန်ယူအသင်းသို့ တစ်ကျော့ပြန်လည်ပြောင်းရွှေ့ ကစားရန် အတည်ပြုသတင်းထုတ်ပြန်ပြီးနောက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က  ၎င်းတို့၏တရားဝင်ဝက်ဘ်ဆိုက်၌  ကစားသမားများ၏ ကျောနံပါတ်များကို  ဖော်ပြရာတွင်  ကာဗာနီနှင့်စီရော်နယ်ဒိုနှစ်ဦး စလုံးကို ကျောနံပါတ်(၇)ဖြင့် ဖော်ပြခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်၏ ချမှတ်ထားသည့် စည်းကမ်းအရ ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် ရာသီသစ် မစတင်မီကတည်းက ကစားသမားများ၏ ကျောနံပါတ်များကို အတည်ပြုစာရင်း ပေးသွင်းရပြီး စာရင်းပေး အတည်ပြုပြီးပါက ပြန်လည်ပြင်ဆင်ခွင့်မပေးခြင်းဖြစ်သည်။ လက်ရှိတွင် ပြိုင်ပွဲဝင်များ အနေဖြင့်  ကစားသမားများနှင့် ၎င်းတို့ဝတ်ဆင်မည့် ကျောနံပါတ်များကို  စာရင်းအတည်ပြုပြီးဖြစ်သည့် အတွက် စီရော်နယ်ဒို အနေဖြင့် ၎င်း၏အထိမ်းအမှတ် နံပါတ်ဖြစ်သည့် ကျောနံပတ်(၇)ဖြင့်  မန်ယူအသင်းတွင် ဝတ်ဆင်ကစားရန် အခက်ကြုံနေခြင်းဖြစ်သည်။

မန်ယူအသင်းတွင်  ကျောနံပါတ်(၇)ကို  ပြီးခဲ့သည့်  ဘောလုံးရာသီကတည်းက ဝါရင့်ကစားသမား ကာဗာနီက ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုရာသီအတွက်လည်း  ကာဗာနီ၏အမည်ဖြင့် ကျောနံပါတ်(၇)ကို စာရင်းပေးထားခြင်းဖြစ်သည်။ စီရော်နယ်ဒိုအနေဖြင့် ကျောနံပါတ်(၇)ဝတ်ဆင်လိုပါက ကာဗာနီအနေဖြင့် အသင်းပြောင်းရွှေ့ရမည်ဖြစ်ပြီး ထိုကဲ့သို့မပြောင်းရွှေ့လိုပါက ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်၏ အထူးအခွင့်အရေးတစ်ရပ်ဖြင့် ပြောင်းလဲခွင့်ရှိသည်။ သို့သော် လက်ရှိတွင် ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က မန်ယူအသင်းတွင် ကျောနံပါတ်(၇)ကို   စီရော်နယ်ဒိုနှင့်  ကာဗာနီ နှစ်ဦးစလုံးကို ဖော်ပြထားခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က  ဖော်ပြထားသော်လည်း  မန်ယူအသင်းအနေဖြင့် စီရော်နယ်ဒို မည်သည့်နံပါတ် ဝတ်ဆင်မည်ကို အတည်ပြုထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။