မန်ယူအသင်း တိုက်စစ်မှူးရက်ရှ်ဖို့ဒ်၏ ကာလရှည် ခံစားနေရသည့် ပခုံးဒဏ်ရာခွဲစိတ် ကုသမှုအောင်မြင်သော်လည်း အသင်းနှင့်ရာသီအစ ပွဲစဉ်များကို လွဲချော်မည်

မန်ယူအသင်း တိုက်စစ်မှူးရက်ရှ်ဖို့ဒ်၏ ကာလရှည် ခံစားနေရသည့် ပခုံးဒဏ်ရာခွဲစိတ် ကုသမှုအောင်မြင်သော်လည်း အသင်းနှင့်ရာသီအစ ပွဲစဉ်များကို လွဲချော်မည်

မန်ယူအသင်းအဓိက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေ ဖြင့်  ကာလရှည်ခံစားနေရသည့်  ပခုံးခွဲစိတ်ကုသမှု အောင်မြင်ခဲ့သော်လည်း  အသင်းနှင့်အတူ  ရာသီအစ ပွဲစဉ်များကို လွဲချော်ရမည် ဖြစ်ကြောင်း သိရသည်။

အသက်၂၃ နှစ်အရွယ် ရက်ရှ်ဖို့ဒ်သည် ပခုံးဒဏ်ရာကို  ပြီးခဲ့သည့် ဘောလုံးရာသီ နှောင်းပိုင်းကတည်းက ခံစားနေရခြင်း ဖြစ်ပြီး  ဘောလုံး ရာသီပြီးဆုံးချိန်က ခွဲစိတ်ကုသမှုပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း  အင်္ဂလန် အသင်းနှင့်အတူ ယူရို ၂ဝ၂ဝ ပြိုင်ပွဲကစားရန်ရှိနေသည့်အတွက် ခွဲစိတ်ကုသမှုကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ယူရို  ၂ဝ၂ဝ ပြိုင်ပွဲအပြီးတွင်  ရက်ရှ်ဖို့ဒ်နှင့်မန်ယူ အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒဏ်ရာအရှင်း ပျောက်ကင်းရန် မဖြစ်မနေ ခွဲစိတ်ကုသမှု ခံယူရမည့် အခြေအနေများကြောင့် သြဂုတ် ၁ဝ ရက် က ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရက်ရှ်ဖို့ဒ်က ၎င်း၏ တွစ်တာစာမျက်နှာမှတစ်ဆင့် ခွဲစိတ်ကုသမှု အောင်မြင်ကြောင်းကို ဖော်ပြခဲ့ကာ ၎င်းအနေဖြင့် အနည်းငယ်နာကျင်မှုဒဏ် ခံစားနေရသော်လည်း   လက်ရှိတွင်   စိတ်ခံစားမှုအားလုံး   ပြန်လည်ကောင်းမွန်နေပြီး ပြိုင်ပွဲများ အမြန်ဆုံးပြန်လည်ကစား နိုင်ရန် မျှော်လင့်ထားသည်ဟု ဖော်ပြခဲ့သည်။

လက်ရှိတွင် မန်ယူအသင်းကလည်း ရက်ရှ်ဖို့ဒ်၏ ခွဲစိတ်ကုသမှု အောင်မြင်ခြင်းကိုသာ ဖော်ပြခဲ့ပြီး ၎င်းအနေဖြင့် မည်သည့်အချိန်ထိ အနားယူရမည်ကို မဖော်ပြခဲ့သော်လည်း   ယခုလအတွင်း   ကစားမည့်ပွဲစဉ်များ လွဲချော်ရဖွယ် ရှိကြောင်း သိရသည်။