မန်ယူအသင်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အာဆင်နယ်အသင်း၏ အဝေးကွင်း ၂၇ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုကျော်ဖြတ်

 

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းသည်  ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် ဝုဗ်အသင်းနှင့်ကစားသည့်  အဝေးကွင်း ပွဲစဉ်တွင် ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အာဆင်နယ်အသင်း စံချိန်တင်ထားခဲ့သည့် အဝေးကွင်း  ၂၇  ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည်  နည်းပြဆိုးလ်ရှား  တာဝန်ယူခဲ့ပြီးနောက် အဝေးကွင်းပွဲစဉ်များတွင်  ရလဒ်ကောင်းများရရှိပြီး သြဂုတ် ၂၉ ရက် ညပိုင်းက ကစားသည့်ပွဲစဉ်တွင် ဝုဗ်အသင်းကိုအနိုင်ရရှိပြီးနောက် အဝေးကွင်းပွဲစဉ်များတွင် ၁၈ ပွဲအထိ အနိုင်ရရှိပြီး ၁၀ ပွဲ သရေ ရလဒ်ရရှိကာ ၂၈  ပွဲဆက်ရှုံးပွဲမရှိဘဲ အာဆင်နယ်အသင်းတစ်သင်းတည်းတင်ထားသည့်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း အဝေးကွင်း ၂၇ ပွဲဆက် ရှုံးပွဲမရှိသည့် တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေခြင်းကို မန်ယူအသင်းက ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည်  ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီ ၁၉ ရက်က ကစားခဲ့သည့် လီဗာပူးအသင်းနှင့် အဝေးကွင်းပွဲစဉ်၌ ရှုံးပွဲတွေ့ကြုံခဲ့ပြီးနောက်ပိုင်း ပွဲစဉ်များတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိခဲ့ကာ ၂၈ ပွဲဆက် ရှုံးပွဲမရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည်  နောက်ဆုံးကစားခဲ့သည့် အဝေးကွင်းပွဲစဉ်  ၂၈ ပွဲတွင် သွင်းဂိုး  ၅၀  အထိရရှိခဲ့ပြီး ပေးဂိုး  ၁၈ ဂိုးသာရရှိကာ  သွင်းဂိုးအများစုကို  ကွင်းလယ်ကစားသမား  ဘရူနိုဖာနန်ဒက်ဇ်က သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အလားတူ ဝုဗ်အသင်းနှင့် ပွဲစဉ်တွင် လည်း မန်ယူ အသင်းနည်းပြဆိုးလ်ရှား၏  နည်းပြသက်တမ်းတစ်လျှောက် ပွဲ ၁၀၀ ပြည့်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ပွဲ ၁၀၀ ပြည့်ပွဲစဉ်တွင်  ဂရင်းဝုဒ်၏တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။       

Ref;90Min